ဂရိက အီဗီယာကျွန်းမှာ တောမီးကြီး လောင်ကျွမ်းပြီး ရွာလုံးကျွတ် ရွှေ့ပြောင်း

ဂရိက အီဗီယာကျွန်းမှာ တောမီးကြီး လောင်ကျွမ်းပြီး ရွာလုံးကျွတ် ရွှေ့ပြောင်း

အေသင်၊ သြဂုတ် ၁၄ ။         ။ ဂရိနိုင်ငံက အီဗီယာကျွန်းမှာ တောမီးကြီး လောင်ကျွမ်းနေတာကြောင့် ကျေးရွာနှစ်ရွာ ရွာလုံးကျွတ် ဘေးလွတ်ရာ ရွှေ့ပြောင်းရပါတယ်။

ဘာသာရေးကျောင်းတစ်ကျောင်းပါ ရွှေ့ပြောင်းရတဲ့ ဒီ တောမီး လောင်ကျွမ်းမှုမှာ လေပြင်းတိုက်တာကြောင့် မီးလောင်ကျွမ်းမှု ပိုမို ဆိုးဝါးနေပြီး မီးခိုးလုံးတွေဟာ မြို့တော် အေသင်ကို လွှမ်းခြုံလာတဲ့အထိ ဖြစ်နေပါတယ်။

တောမီး နီးကပ်လာတာကြောင့် ကွန်တိုဒီစပိုတီနဲ့ မာကရီမာလီရွာနှစ်ရွာက နေထိုင်သူတွေကို အင်္ဂါနေ့မှာ အာဏာပိုင်တွေက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

“ကြည့်လေရာမှာ မီးတောက်တွေပဲ မြင်ရတယ်။ အသက် ရှုဖို့တောင် ခက်နေတတယ်။ မီးက အိမ်ဝင်းခြံတွေပါ လောင်ကျွမ်းတယ်။”လို့ ဒီယာဖိုင်းမီဆာပီယာမြို့တော်ဝန် ယီအော်ဂိုက နိုင်ငံပိုင် သတင်းဌာနကို ပြောပါတယ်။

“အခြေအနေ ပိုဆိုးလာရင် နေအိမ်စွန့် ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ တိုးပြီး လုပ်ဖို့ ကျွန်တော်တို့ အမိန့်ထုတ်ရတော့မှာပါ။”လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

အခု တောမီးကို မီးသတ်ကား ၇၅ စီးနဲ့ မီးသတ်သမား အင်အား ၂၀၀ ကျော်နဲ့ ငြိမ်းသတ်နေပြီး ရေဖျန်းရဟတ််ယာဉ် ငါးစင်းနဲ့ လေယာဉ်ခြောက်စင်းပါ အားဖြည့်ပြီး ငြိမ်းသတ်လျက် ရှိနေပါတယ်။

“မီးတောက်က မီတာ ၂၀ ကနေ ၃၀ အထိ တောက်လောင်နေတယ်။ အဲဒီ မီးတောက်တွေ ဖုံးကွယ်ထားတာကြောင့် နေကိုတောင် လှမ်း မမြင်ရဘူး။”လို့ မီးငြိမ်းသတ်ရာမှာ ပါဝင်တဲ့ စေတနာ့ဝန် မီးသတ်သမားတစ်ဦးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly