ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ဗိုလ်တထောင်တရားရုံးတွင် ရုံးထုတ်

By ကရိုင်နူးရာ
13 August 2019
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ဗိုလ်တထောင်တရားရုံးတွင် ရုံးထုတ်

ရန်ကုန်၊ သြဂုတ် ၁၃ ။            ။ တပ်မတော်က ရာဇသတ်ကြီး ပုဒ်မ၅၀၅(က) အပြင် ပုဒ်မ၆၆(ဃ)နှင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခုနှစ်ဦးကို သြဂုတ်လ၁၃ရက်နေ့က ဗိုလ်တထောင်မြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်။

ယခုရုံးချိန်းတွင် ဧရာဝတီရေတပ်စခန်းစစ်ဌာနချုပ်၊ ရေတပ်ပင်မပစ္စည်းတပ်ရင်းမှ ဗိုလ်မှူးမင်းဇော်မိုးအား စစ်ဆေးခဲ့ပြီး သံချပ်စာသားများတွင် တပ်မတော်အား ဝေဖန်သည့် စာသားများ ပါရှိခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

"ထောင်ထဲမှာနေတာ လေးလကျော်နေပြီ။ ဗိုလ်တထောင်မှာ ထုတ်တယ်၊ မရမ်းကုန်းမှာ ထုတ်တယ်။ အခု ဖျာပုံမှာ ထောင်ထွက်ခွင့်ပေးလိုက်ပြီ။ မကြာခင်ဖျာပုံကို ထွက်ရတော့မယ်။ မကြာခင်မှာ ဒေးဒရဲတို့ မအူပင်တို့ ပါတော့မယ်ဆိုတာ ပြောတယ်။ စစ်တပ်ကတရားစွဲတာ လောလောဆယ် ခုနှစ်မှုတိတိ ဖြစ်သွားပါပြီ" ဟု တရားစွဲဆိုခံထားရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ပိုင်ရဲသူမှ ပြောသည်။

သင်္ကြန်ကာလအတွင်းဖျော်ဖြေခဲ့သည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၏သံချပ်တွင် တပ်မတော်အား ပုတ်ခတ် ပြောဆိုမှုများ ပါဝင်သောကြောင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးမျိုးမင်းဦးမှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

"ကျွန်မတို့သံချပ်မှာပါတာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တပ်မတော် နိုင်ငံရေးထဲပါနေတာကိုပါ။ ဒါတွေက အစိုးရ၊ လွှတ်တော်၊ ပြည်သူတွေ အားလုံးပြောနေတာပါ။ ကျွန်မတို့က ပြည်သူတွေအတွက် အနုပညာကိုသုံးပြီးတော့ သံချပ်နဲ့ဖော်ပြတယ်။ ဒါကိုအပြစ်ရှိတယ်ပြောတယ်။ ဖမ်းဆီးတယ်၊ ထောင်ချတယ်၊ တရားစွဲတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ဒီမိုကရေစီကူးပြောင်းရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့သဘောထားကို တွေ့နိုင်ပါတယ်။ ပြည်သူအပေါ်မှာ စေတနာမရှိဘဲ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး ဖိနှိပ်ဖို့ပဲ ကြိုးစားနေမယ်ဆိုရင် ပြည်သူလူထုရဲ့ ယုံကြည်မှုကိုလည်း ရမှာမဟုတ်ဘူး။ ပြည်သူချစ်တဲ့ တပ်မတော်ဆိုတာ တစ်သက်လုံး ဖြစ်လာမှာ မဟုတ်ပါဘူး" ဟု တရားစွဲဆိုခံထားရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ဆုရတနာမြင့်က ပြောသည်။

အဆိုပါအမှုတွင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ဇေယျာလွင်၊ ပိုင်ရဲသူ၊ ပိုင်ဖြိုးမင်း၊ ဆုရတနာမြင့်၊ ချစ်ယုံ၊ ဖိုးသားနှင့် ကေခိုင်ထွန်းတို့အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ၆၆(ဃ)နှင့်လည်းကောင်း ချစ်ယုံနှင့် ဆုရတနာမြင့် တို့အား နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ၅၀၅(က)နှင့် တရားစွဲထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly