ဆီရီးယားတပ်ရှေ့တက်လာစဉ် IS ကို တိုက်ခိုက်သည့်သူပုန်များအတွက် အမေရိကန် လက်နက်များချပေး

ဆီရီးယားတပ်ရှေ့တက်လာစဉ် IS ကို တိုက်ခိုက်သည့်သူပုန်များအတွက် အမေရိကန် လက်နက်များချပေး

ဘေရွတ်၊ အောက်တိုဘာ ၁၃ ။           ။ ရုရှ၏လေကြောင်းတိုက်ခိုက်မှု ထောက်ကူမှုဖြင့် ဆီးရီးယားအစိုးရတပ်များသည် သီတင်းပတ်များစွာအတွင်း အပြင်းထန်ဆုံးတိုက်ခိုက်မှုများဖြင့် ရှေ့တက်လာစဉ် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များသည် ဂျီဟတ်ဝါဒီများကို တိုက်ခိုက်နေသော အုပ်စုများအား ကူညီထောက်ပံ့မှုမြင့်တင်သည့်အနေဖြင့် ဆီးရီးယားရှိ သူပုန်များထံသို့ လက်နက်ခဲယမ်းများကို   အောက်တိုဘာ ၁၂က လေထီးများဖြင့် ချပေးခဲ့သည်။

မော်စကိုသည် အိုင်အက်စ်နှင့် ၎င်း၏မဟာမိတ် သမ္မတဘာရှားအယ်လ်အာဆတ်၏ အစိုးရကို တိုက်ခိုက်နေသော အခြားအကြမ်းဖက်သမားများကို လေကြောင်းတိုက်ခိုက်မှုစတင်ခြင်းဖြင့် အသွင်အမျိုးမျိုးရှိနေသည့် ဆီးရီးယားပြည်တွင်းစစ်အတွင်းသို့ လွန်ခဲ့သည့်လက ဝင်ရောက်ခဲ့သည်။ သို့သော်လည်း မော်စကိုသည် အိုင်အက်စ်ထက် ဆီးရီးယားခေါင်းဆောင်ကို ဆန့်ကျင်တိုက်ခိုက်နေသော အစွန်းမရောက်သည့်အုပ်စုများကို ပစ်မှတ်ထားနေသည်ဟု ဝါရှင်တန်နှင့် ဥရောပက စွပ်စွဲလျက်ရှိပြီး အာဆတ် ကိုဖြုတ်ချခြင်းသာ   လေးနှစ်ကြာပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် သော့ချက်ဟု ပြောဆိုလျက်ရှိသည်။

ပြည်တွင်းစစ်ကို နိုင်ငံရေးအရ အဆုံးသတ်နိုင်ရေး ဆွေးနွေးရန် မော်စကိုသို့သွားမည်ဟု ဆီးရီးယားဆိုင်ရာကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးသံတမန်က ပြောကြားစဉ် ဂျီဟတ်ဝါဒီမဟုတ်သော သူပုန်များအား ပစ်မှတ်ထားတိုက်ခိုက်နေခြင်းအား ချက်ခြင်းရပ်တန့်ရန် အီးယူနိုင်ငံခြားရေးဝန်ကြီးများက အောက်တိုဘာ ၁၂က တောင်းဆိုခဲ့သည်။

ရာကာမြို့၏ မြောက်ဘက်ခံတပ်အနီး အိုင်အက်စ်စစ်သွေးကြွများကို လပေါင်းများစွာတိုက်ခိုက်နေသော ဆီးရီးယား-အာရပ်ညွန့်ပေါင်း(SAC)သို့ လက်နက်ခဲယမ်းများလေကြောင်းမှ ချပေးခဲ့ကြောင်း အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ပြောကြားပြီးနောက် အီးယူနိုင်ငံခြားရေးဝန်ကြီးများ၏ တောင်းဆိုချက်ပေါ်လာခဲ့သည်။

တိုက်ခိုက်ရေးသမား ၅,၀၀၀ အထိရှိသော SAC အုပ်စု၏ ခေါင်းဆောင်ကို အမေရိကန်တပ်ဖွဲ့ဝင်များက ဂရုတစိုက် စိစစ်ထားသည်ဟု ဘဂ္ဂဒက်အခြေစိုက် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကပြောကြားခဲ့သည်။

စစ်ဆေးရေးလုပ်ငန်းစဉ်များ ပျက်ပြားခဲ့သည့်အပြင် အဖွဲ့တစ်ခုက လက်နက်များကို အယ်လ်ခိုင်ဒါအဖွဲ့တစ်ခုသို့ ပေးအပ်ပြီးနောက် ပင်တဂွန်သည် တူရကီနှင့် ဂျော်ဒန်ရှိ ထောင်ပေါင်းများစွာသော ဆီးရီးယားသူပုန်များကို လက်နက်တပ်ဆင်လေ့ကျင့်ပေးမည့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန် စီမံကိန်းတစ်ခုကို ဖျက်သိမ်းခဲ့ရသည်။

ညွန့်ပေါင်းတပ်ဖွဲ့ဝင်များသည် အိုင်အက်စ်ကို တိုက်ခိုက်နေသော တပ်ဖွဲ့များအတွက် လေကြောင်းမှ လက်နက်ခဲယမ်းများကို အောက်တိုဘာ ၁၁က ချပေးခဲ့ကြောင်း အမေရိကန်ဗဟိုစစ်ဋ္ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ပက်ထရစ်ရိုက်ဒါက ပြောသည်။

ယင်းသို့ချပေးရာတွင် လက်နက်ခဲယမ်းတန် ၅၀ ပါဝင်သည်ဟု အမည်မဖော်သော အမေရိကန်အရာရှိတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly