တနင်္သာရီ ရေဘေးတွင် တပ်မတော်သားတစ်ဦး ရေထဲမျောပါသေဆုံး

တနင်္သာရီ ရေဘေးတွင် တပ်မတော်သားတစ်ဦး ရေထဲမျောပါသေဆုံး
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ရန်ကုန်၊ သြဂုတ် ၁၃ ။         ။ တနင်္သာရီမြို့တွင် ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေသည့် တပ်မတော်သားတစ်ဦး ရေထဲမျောပါသေးဆုံးမှု သြဂုတ်လ ၁၂ ရက်ကဖြစ်ပွားခဲ့ ကြောင်း တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးရဲမြင့်ဆွေက မဇ္စျိမသို့ပြောသည်။

“မနေ့က ကယ်ဆယ်ရေးလုပ်ရင်းနဲ့တစ်ယောက် ဆုံးသွားတယ်ဗျ။ ရေထဲပါသွားပြီးတော့” ဟု ၎င်းကဆိုသည်။

တနင်္သာရီမြို့နယ် ၊ ညောင်ပင်ကွင်းကျေးရွာရှေ့ကမ်းနှင့် နောက်ကမ်းသွားသည့်နေရာတွင် ရေ လေးပေခွဲခန့် ကျော် နေသောကြောင့် ခရီးသွားများအား ကူညီဆောင်ရွက်ပေးနေစဉ် မျောပါသေဆုံးခဲ့ရခြင်း ဟုလည်း သိရသည်။

သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင်ရေထဲမျောပါခဲ့ပြီး သေဆုံးခဲ့သူမှာ အမှတ် ၅၆၁ တပ်ရင်းမှ တပ်မတော်သားတစ်ဦးဖြစ်ပြီး ယင်းနေ့ ညနေ ၆ နာရီခန့်တွင် အလောင်းကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့တွင် ရေဘေးသင့်ဦးရေမှာ သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအထိ၂၃၈၉ဝဦးရှိနေပြီး ရွှေ့ပြောင်းရသူမှာ ၆၈၆၃ ဦးဖြစ်ကြောင်း တနင်္သာရီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးရဲမြင့်ဆွေက ဆိုသည်။

လတ်တလောအနေဖြင့် ရေဘေးသင့်သူများအား တိုင်းအစိုးရအဖွဲ့မှကူညီပေးထားသော်လည်း ဆန်နှင့် ရိက္ခာခြောက်အချို့မှာ လိုအပ်နေဆဲဟု လည်း၎င်းကဆိုသည်။

တနင်္သာရီမြို့တွင် မိုးရွာသွန်းမှုမရှိတော့သည့်အတွက် လာမည့်ရက်ပိုင်းအတွင်း နေရပ်ပြန်နိုင်ကြမည့် အနေအထားမျိုးရှိနေသော်လည်း မိုးထပ်မံရွာသွန်းပါက ဆက်လက်ရေကြီးဖွယ်လည်းရှိနေသည်။

မိုးဇလ၏ ခန့်မှန်းတိုင်းထွာချက်များအရ မုတ်သုံလေအားကောင်းမှုအဆင့်သည် လျော့ကျလာသောကြောင့် ရေကြီးမှုများဖြစ်ပေါ်နေသည့် တနင်္သာရီ၊ မွန်၊ ကရင်နှင့် ပဲခူးတို့တွင် မိုးရွာသွန်းမှုများတောက်လျောက် လျော့ကျလာမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက မဇ္စျိမသို့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းကအတည် ပြုပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly