‘This is Anfield’ သင်္ကေတအမှတ်အသားကို လီဗာပူးလ်ကစားသမားတွေ ပြန်ထိခွင့်ရ

‘This is Anfield’ သင်္ကေတအမှတ်အသားကို လီဗာပူးလ်ကစားသမားတွေ ပြန်ထိခွင့်ရ

လီဗာပူးလ်ကစားသမားတွေဟာ အန်ဖီးလ်ကွင်းဥမင်လိုဏ်ခေါင်း ဝင်ပေါက်မှာ တပ်ဆင်ထားတဲ့ 'This is Anfield' လို့ခေါ်တဲ့ သင်္ကေတအမှတ်အသားကို အခုဆိုရင် ပြန်လည်ထိတွေ့ခွင့် ရရှိခဲ့ပြီဖြစ်ပါတယ်။

နည်းပြ ယာဂန်ကလော့ပ်က ဆုဖလား မရမချင်း အဆိုပါသင်္ကေတအမှတ်အသားကို ကစားသမားတွေ ထိတွေ့ခြင်း မပြုလုပ်ဖို့ တားမြစ်ခဲ့တာပါ။

ကလော့ပ်က "ကျနော့်ကစားသမားတွေ ဆုဖလားတစ်ခုခု အောင်မြင်မှု မရမချင်း 'This Is Anfield' အမှတ်အသားကို မထိတွေ့ဖို့ သူတို့တွေကို ကျနော်ပြောခဲ့ပါတယ်။"လို့ ၂၀၁၆ ခုနှစ်က ပြောခဲ့တာဖြစ်ပါတယ်။

"ဒါဟာ လေးစားမှုရဲ့ အမှတ်အသားသင်္ကေတပါ။ ကျနော် ဒေါ့မွန်နည်းပြအနေနဲ့တုန်းက ထိတွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ ၄-၀ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။"

ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးကို (၂-၀)ဂိုးနဲ့ အနိုင်ရပြီး ဆုဖလားကိုင်မြောက်နိုင်ပြီးနောက်မှာတော့ ကစားသမားတွေဟာ အဆိုပါစာသားကို လက်နဲ့ ထိတွေ့ပုတ်ခတ်ကာ ကွင်းအတွင်း ဝင်ရောက်နိုင်ပြီဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်က ကြိုးကြာနီတို့ဟာ လိဂ်ဖလားဆွတ်ပြီးနောက် အသင်းခေါင်းဆောင် ဟန်ဒါဆန် တစ်ဦးထဲသာ 'This Is Anfield' အမှတ်အသားသင်္ကေတကို ထိတွေ့ခဲ့ပြီးသူဖြစ်ပြီး သောကြာနေ့က နောဝစ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဝိုင်နယ်လ်ဒမ်က ထိတွေ့ပုတ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ အဆိုပါစာသားကို ဂန္တဝင်နည်းပြ ဘီလ်ရှန်ကလေရဲ့ စိတ်ကူးနဲ့ တပ်ဆင်ထားတာဖြစ်ပြီး အိမ်ရှင်အသင်းနဲ့ ပြိုင်ဘက်ကစားသမားတွေ စက္ကန့်အနည်းငယ် သတိပြုမြင်တွေ့မိစေဖို့ ရည်ရွယ်တာဖြစ်တယ်။

လီဗာပူးလ်အသင်းဟာ ဗုဒ္ဓဟူးနေ့ည အစ္စတန်ဘူလ်ရှိ Vodafone Park မှာ ဥရောပစူပါဖလားလုဖို့ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Ref; ECHO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly