တနင်္သာရီတွင် ရေဘေးသင့် ပြည်သူ နှစ်သောင်းကျော်ရှိပြီး စာသင်ကျောင်း ၃၀ ကျော် ပိတ်ထားရ

တနင်္သာရီတွင် ရေဘေးသင့် ပြည်သူ နှစ်သောင်းကျော်ရှိပြီး စာသင်ကျောင်း ၃၀ ကျော် ပိတ်ထားရ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

တနင်္သာရီ၊ သြဂုတ် (၁၃) ။        ။ မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် အန္တရာယ်ရေအမှတ်အထက် ကျော်လွန် ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ကျေးရွာ ၂၂ ရွာမှ လူဦးရေ နှစ်သောင်းကျော်မှာ ရေဘေးခံစားနေရပြီး စာသင်ကျောင်း ၃၀ ကျော် ပိတ်ထားရကြောင်း သိရ သည်။

အဆိုပါ တနင်္သာရီ မြစ်ရေမှာ စိုးရိမ်ရေအမှတ် ၁၇ ပေ ရှိရာမှ သြဂုတ်လ ၁၂ ရက်နေ့အထိ အန္တရာယ်ရေ အမှတ် ၂၆ ပေနှင့် ၄ လက်မအထိတက်ခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့တွင် ၂ လက်မခန့် ပြန်လည် ကျဆင်းသွား ကြောင်း သိရသည်။

လက်ရှိတွင်ရေကြီး ရေလျှံမှုများ ဖြစ်နေသည့် တနင်္သာရီမြို့တွင် သြဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်း အထိ ရရှိ သည့် အချက်အလက်များအရ ရေဘေးသင့် အိမ်ခြေ (၁၃၄၀) လုံး ၊ အိမ်ထောင်စု ( ၁၃၄၁ ) စု၊ အမျိုးသား (၁၁၆၅၃) ဦး၊  အမျိုးသမီး (၁၁၆၂၇) ဦး စုစုပေါင်း လူဦးရေ (၂၃၁၉၀) ဦး ရှိကြောင်း တနင်္သာရီမြို့နယ် သဘာဝဘေးသတင်းထုတ်ပြန်ရေး အဖွဲ့ထံမှ သိရသည်။

“လက်ရှိက တနင်္သာရီ မြစ်ရေမှာ အန္တရာယ်ရေ အမှတ်မှာ ရှိနေဆဲ ဖြစ်တယ်။ ဒါက မိုးနည်းနည်း ဆဲနေလိုပါ၊ အခုရက်ပိုင်း မိုးထပ်ရွာရင်တော့ အခြေအနေက ပြောလို့မရနိုင်တဲ့ အနေ အထားဖြစ်ပါတယ်။ ရေဘေးသင့် ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုက သိပ်ပြီးတော့ မလိုအပ်သေးပါဘူး။ အဓိကကတော့ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေပဲလိုနေတာ ဖြစ်တယ်”ဟုတနင်္သာရီမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

ထိုအပြင် ရေဘေးဒဏ်သင့် အိမ်ခြေ (၆၁၈) လုံး၊  အိမ်ထာင်စု (၆၁၈) စု၊ ကျား (၃၄၂၇) ဦး၊ မ (၃၄၃၆) ဦး စုစုပေါင်း လူဦးရေ (၆၈၆၃) ဦးကို ကယ်ဆယ်ရေး စခန်း(၇)ခုတွင် နေရာချထားပြီး၊ အိမ်ခြေ (၂၇၆) လုံး၊  အိမ်ထောင်စု (၂၇၆) စု၊  ကျား (၆၇၇) ဦး၊  မ (၆၉၂) ဦး စုစုပေါင်းလူဦးရေ (၁၃၆၉) ဦးတို့ကို ယာယီကွပ်ကဲရေး ရုံး ရောက်စာရင်းများ အလိုက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပံ့ပိုးသော ထောက်ပံ့ရေးပစ္စည်း (၇) ရက်စာအား ဖြန့်ဝေထောက်ပံ့ပေးထားကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။

တနင်္သာရီမြစ်ရေမှာ မိုးဆက်တိုက်ရွာသွန်းပါက နှစ်စဉ်ရေကြီး ရေလျှံမှုများ ရက်ရှည်ဖြစ်ပွားလေ့ရှိကြောင်း လက်ရှိတွင် အဆိုပါမြစ်ရေကြီးမှုကြောင့် သုံးနှစ်အရွယ် မိန်းခလေးတစ်ဦးနှင့် ကယ်ဆယ်ရေး ဆောင်ရွက် နေသော ရဲဘော်တစ်ဦး ရေစီးကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required