တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူးတို့တွင် မိုးရွာသွန်းမှုလျော့ကျလာမည်ဟု မိုးဇလပြော

တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူးတို့တွင် မိုးရွာသွန်းမှုလျော့ကျလာမည်ဟု မိုးဇလပြော

ရန်ကုန်၊ သြဂုတ် ၁၃ ။        ။ မုတ်သုံလေအားကောင်းမှုအဆင့်လျော့ကျလာသောကြောင့် ရေကြီးမှုများဖြစ်ပေါ်နေသည့် တနင်္သာရီ၊ မွန်၊ ကရင်နှင့် ပဲခူးတို့တွင် မိုးရွာသွန်းမှုများတောက်လျောက်လျော့ကျလာမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက မဇ္စျိမသို့အတည် ပြုပြောသည်။

“မိုးတော့ဆက်ရွာနေတယ်။ ဒါပေမယ့် မိုးကတော့တော်တော်လေးကို လျော့ကျသွားပါပြီခင်ဗျ” ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေမြောက်ပိုင်း တို့တွင် ဖြစ်ပေါ် နေသော လေဖိအားနည်း ရပ်ဝန်း ကြောင့်ရခိုင်ပြည်နယ်ဘက်အခြမ်းတွင် မုတ်သုံလေအားကောင်းလာပြီး တနင်္သာရီ၊ မွန်၊ ကရင်နှင့် ပဲခူးတို့တွင် မုတ်သုံလေပြန်လည်အားလျော့လာမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မိုးရေချိန် ၃ လက်မကျော်ပါက မိုးကြီးသည့် အနေ အထား ဟုသတ်မှတ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက မွန်ပြည်နယ်ရှိ နေရာအချို့တွင် မိုးရေချိန် လက်မ ၄၀ ကျော်သည်အထိ မိုးများရွာသွန်းခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေါက်တာကျော်မိုးဦးကဆိုသည်။

ထို့ကြောင့်မြေပြိုမှုများလည်း ကြုံတွေ့ခဲ့ရပြီး လူပေါင်းသိန်းချီပြောင်းရွှေ့ရကာ သဲဖြူကုန်းကျေးရွာတွင် သြဂုတ် ၁၃ ရက်နံနက်ပိုင်းအထိ သေဆုံးသူ ၆၁ လောင်းအထိ ပြန်လည်တွေ့ရှိထားသည်။

“ မိုးများလာတယ်ဆိုရင် စောဏပြောသလို မိုးရေကမြေသားထဲမှာ ပျော်ဝင်သွားတဲ့ အနေအထားမျိုးပေါ် မူတည်ပြီးတော့မှ ဆက်ပြီးတော့ ဖြစ်နိုင်တဲ့အနေအထားမျိုးပေါ့နော်။ အဲ့အတွက်လည်း တာဝန်ရှိသူတဲ့သူတွေ အကုန်လုံးက ထပ်ပြီးတော့ မြေမပြိုဖို့အတွက်ကို လိုအပ်တဲ့ ဆောင်ရွက်မှုတွေ၊ အစီမံတွေတော့ဆောင်ရွက်ဖို့ အတွက်ကို ပြင်ဆင်နေပါတယ်” ဟု ဒေါက်တာကျော်မိုးဦးက ပြောသည်။

သို့သော် မိုးမှာလျော့နည်းလာမည်ဖြစ်သည့်အတွက် မြေပြိုမှုမှာထပ်မံဖြစ်နိုင်ခြေနည်းကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်နေသည့်လေဖိအားနည်းရပ်ဝန်းကြောင့် ရေကြီးမှုများဖြစ်ပေါ်နေသည့် တနင်္သာရီ၊ မွန်၊ ကရင်နှင့် ပဲခူးတို့တွင် မိုးလျော့နည်းလာမည်ဖြစ်သော်လည်း ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်း တစ်‌လျှေက်တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း မိုးဇလဌာနမှ ထုတ်ပြန် ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required