သဖန်းဆိပ်ရေလှောင်တမံ၏ ရေမြင့်တက်နေသော်လည်း စိုးရိမ်ဖွယ်မရှိဟုဆို

သဖန်းဆိပ်ရေလှောင်တမံ၏ ရေမြင့်တက်နေသော်လည်း စိုးရိမ်ဖွယ်မရှိဟုဆို
သဖန်းဆိပ်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျနေပုံ။ Photo သတင်းစဉ်

အောက်တိုဘာ ၁၃ ရက် ။           ။ မိုးရွာသွန်းမှုကြောင့် သဖန်းဆိပ်ရေလှောင်တမံ၏ သတ်မှတ်ရေလှောင်ပမာဏ ဆက်လက်မြင့်နေသေးသော်လည်း စိုးရိမ်ဖွယ်မရှိဟု သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ် ကျေးရွာအနီး မူးမြစ်ပေါ်တွင်တည်ဆောက်ထားသည့် သဖန်းဆိပ် ရေလှောင်တမံ၏ အောက်တိုဘာ ၁၂ ရက်တိုင်းတွာချက်အရ ကန်တွင်းရေပြည့်မှတ်မှာ (၅၄၇ ဒသမ ၁၀) ပေ ရှိနေသေးပြီး သတ်မှတ်ရေမှတ်ထက် ၂ ပေကျော်နေသည်။ သတ်မှတ်သိုလှောင်နိုင်သော ပမာဏထက် ၂၇၆၆၇၄ ဧကပေ ကျော်နေ သည်။

အောက်တိုဘာ ၇ ရက်မှ ၁၂ ရက်အထိ သဖန်းဆိပ်ရေဆင်းဧရိယာအတွင်းရှိ သဖန်းဆိပ်၊ ကောလင်း၊ ဝန်းသိုနှင့် ပင်လယ်ဘူးမြို့နယ်များတွင် မိုးရေချိန် စုစုပေါင်း (၃၄ ဒသမ ၄၈) လက်မ ရွာသွန်းခဲ့သဖြင့် တမံရေမှတ်များ မြင့်တက်ခဲ့ရာ အောက်တိုဘာ ၁၁ ရက်တွင် တမံအတွင်း သတ်မှတ်ရေပြည့်မှတ် (၅၄၅) ပေအထက်  (၃ ဒသမ ၁) ပေကျော်လွန်၍ (၅၄၈ ဒသမ ၁၀) ပေသို့ ရောက်ရှိခဲ့သေးသည်။

သိုလှောင်နိုင်သော ရေပမာဏမှာလည်း သတ်မှတ် ၂၈၈၀၀၀၀ ဧကပေ အထက် ၃ ဒသမ ၁ သိန်းဧကပေ ခန့် ကျော်လွန်ခဲ့သဖြင့် ရေတံခါးတပ် ရေပိုလွှဲမှ ၃ ဒသမ ၁ ပေခန့်နှင့် အကူရေပိုလွှဲမှ ၁ ဒသမ ၁ ပေခန့် ကျော်ကျခဲ့သည်။

ရေလှောင်တမံအတွင်းသို့ ရေများ ထပ်မံဝင်ရောက်လျက်ရှိရာ တမံကြံ့ခိုင်မှု မထိခိုက်စေရန်အတွက် ရေတံခါးတပ် ရေပိုလွှဲမှရေများ ထိန်းညှိထုတ်လွှတ်ပေးနေသဖြင့် ရေပမာဏ လျော့ကျသွားသော်လည်း သတ်မှတ်စံများအထက် ရှိနေသေးခြင်း ဖြစ်သည်။

ဧရာဝတီမြစ်၏ ကြီးမားသော မြစ်လက်တက်တစ်စင်းဖြစ်သည့် မူးမြစ်သည် ၂၈၅ မိုင်ခန့်ရှည်ပြီး ရေဆင်းဧရိယာ စတုရန်းမိုင်ပေါင်း ၃၄၆၀ ခန့်ရှိသဖြင့် ရေဆင်းဧရိယာအတွင်းမှ ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းပါက စီးဝင်ရေများပြီး ရေလှောင်တမံအတွင်း ရေမှတ်များ အချိန်တိုအတွင်း မြင့်တက်လာ လေ့ရှိသည်။

မူးမြစ်မှစီးဝင်ရေကို ထိန်းညှိ သိုလှောင်ပြီး တမံအောက်ဘက်ရှိ ကင်းတပ်ရေလွှဲတမံနှင့် ကာဘိုးရေလွှဲဆည်များသို့ ရေကိုထိန်းညှိထုတ်လွှတ်ပေးကာ ဆည်ရေသောက်ဧရိယာဧက (၅) သိန်း ခန့်ကို အကျိုးပြုလျက်ရှိသည်။

ဆည်မြောင်း ဦးစီးဌာနအနေဖြင့် သဖန်းဆိပ် ရေလှောင်တမံ၏ ကြံ့ခိုင်မှု၊ ရေလှောင်တမံ အောက်ဘက်ဒေသများ ဘေးကင်းစေရေးအတွက် အချိန်ပြည့် စောင့်ကြည့်စီမံဆောင်ရွက်နေသဖြင့် စိုးရိမ်ဖွယ်မရှိဟု သိရသည်။

Ref; MNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly