ဖွဲ့စည်းပုံပြင်ဆင်ရေး သတ္တိရှိရှိကြိုးပမ်းကြရန် KNU ဥက္ကဋ္ဌတိုက်တွန်း

ဖွဲ့စည်းပုံပြင်ဆင်ရေး သတ္တိရှိရှိကြိုးပမ်းကြရန် KNU ဥက္ကဋ္ဌတိုက်တွန်း

ရန်ကုန်၊ သြဂုတ် ၁၂ ။          ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို သတ္တိရှိရှိကြိုးပမ်းဆောင်ရွက်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုလိုက်သည်။
၆၉ နှစ်မြောက် “ကရင်အမျိုးသားအာဇာနည်နေ့” သို့ သြဂုတ် ၁၂ ရက်တွင်ပေးပို့သည့် သဝဏ်လွှာ တွင် ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို မျက်စိဖွင့် နားစွင့်နေကြပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြုပြင်၊ ပြောင်းလဲရေးနှင့် ပြင်ဆင်ရေး စသည်တို့တွင်သတ္တိရှိရှိနှင့် ညီညီညွှတ်ညွှတ် အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ် ကြရန် လိုအပ်ပါသည်” ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး စောမူတူးစေးဖိုးက ပြောသည်။

ထို့အပြင် ကရင်အမျိုးသားတော်လှန်ရေး၏ အဓိကရည်မှန်းချက်မှာ လူသားအားလုံးနှင့်ဆိုင်သော လူ့အခွင့်အရေး၊ မတူကွဲပြားသော လူ မျိုးတိုင်းအတွက် တန်းတူအခွင့်အရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟုလည်း ၎င်းကဆိုသည်။

ထို့အပြင် ပြည်ထောင်စု၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဓိကအချက်ဖြစ်သည်ဟု ဗိုလ်ချုပ် ကြီး စောမူတူးစေး ဖိုးကဆိုသည်။

အပစ်အခတ်ရပ်ဆဲရေးနှင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေး၏အဓိကရည်ရွယ်ချက်သည် နိုင်ငံရေးပြသာနာများကို တွေ့ဆုံဆွေးနွေး ခြင်းအားဖြင့် ငြိမ်းချမ်းစွာအဖြေရှာပြီး ဒီမိုကရေစီစနစ်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်ဖြစ်ကြောင်လည်း ၎င်းကပြောသည်။

ယခုကဲ့သို့ ယုံကြည်မှုတည်ဆောက်နေချိန်နှင့် အခက်ခဲအတားဆီးများနှင့် ကြုံတွေ့နေရချိန်တွင် ပြည်သူလူထုအနေဖြင့် ဝန်းရံကာပိုမိုကြိုးစားအားထုတ်ကြရန်လည်း တိုက်တွန်းခဲ့သည်။

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ကရင်အာဇာနည်နေ့ အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာတွင် ကရင်အမျိုးသား အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကရင်အမျိုးသားများ၏ နိုင်ငံရေး ရည်မှန်းချက်ကို ရရှိအောင်မြင်အောင် အတူတကွ ရပ်တည်ဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်းခဲ့သည်။

ကရင့်အာဇာနည်နေ့ အခမ်းအနားကို ယခင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေများ အတွင်းသာ ကျင်းပခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် KNU အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ခဲ့ပြီး နောက်ပိုင်း ရန်ကုန်အပြင် ကရင်တိုင်းရင်းသားများရှိရာ အခြားမြို့များတွင်ပါ နှစ်စဉ်ကျင်းပနေခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required