မီယာမီနှင့် နယူးအော်လင်း ပင်လယ်အောက်ရောက်သွားနိုင်ဟု လေ့လာမှုတစ်ခုတွင် ဖော်ပြ

မီယာမီနှင့် နယူးအော်လင်း ပင်လယ်အောက်ရောက်သွားနိုင်ဟု လေ့လာမှုတစ်ခုတွင် ဖော်ပြ

မီယာမီ၊ အောက်တိုဘာ ၁၃ ။          ။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့နှင့် လူဝီစီယားနားပြည်နယ် နယူးအော်လင်းမြို့များ အပါအဝင် အမေရိကန်၏ အခြားမြို့များမှာ   မြင့်တက်လာသော ပင်လယ်များအောက် နစ်မြုပ်သွားနိုင်သည်ဟု အောက်တိုဘာ ၁၂က ထုတ်ပြန်ခဲ့သော လေ့လာမှုတစ်ခုတွင် ဖော်ပြထားသည်။

သို့သော်လည်း ကာဘွန်ထုတ်လွှတ်မှုအသည်းအသန်လျှော့ချမှုပြုလုပ်ခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အဓိကသုံးစွဲပါက အမေရိကန်၏ နာမည်ကျော်ကမ်းရိုးတန်းဧရိယာများတွင် နေထိုင်သော လူသန်းပေါင်းများစွာကို ကယ်တင်နိုင်မည်ဟု အမေရိကန်ဂျာနယ်တစ်ခုဖြစ်သည့် Proceedings of the National Academy of Sciences ၏ အောက်တိုဘာ ၁၂ရက်နေ့ ထုတ်တွင်   ဖော်ပြထားသော   တွေ့ရှိချက်များအရ သိရသည်။

၂၁၀၀ပြည့်နှစ်အထိ ရုပ်ကြွင်းလောင်စာသုံးစွဲမှုလျှော့ချရေးလုပ်ဆောင်မှုမရှိပါက  ကမ္ဘာကြီးသည် ပင်လယ်ရေမျက်နှာပြင် ၁၄ပေမှ ၃၂ ပေအထိမြင့်တက်မှုနှင့် ရင်ဆိုင်ရမည်ဟု သိပ္ပံပညာရှင်များက အခိုင်အမာပြောထားပြီးဖြစ်သည်ဟု Climate Central မှ ပင်လယ်ရေမျက်နှာပြင်နှင့် ရာသီဥတုသက်ရောက်မှုဆိုင်ရာ ဒု-ဥက္ကဋ္ဌနှင့် ဦးဆောင်လေ့လာသူ ဘင်စထရောက်စ်က ပြောသည်။

ကြီးမားသည့် မသေချာမှုမှာ မည်သည့်အချိန်တွင် ပြသနာဖြစ်မည်ဆိုသည်ပင်။ ယခုကဲ့သို့ဖြစ်ပျက်မှုအချို့မှာ လာမည့်ရာစုနှစ် အစောပိုင်းတွင်ဖြစ်နိုင်သည်ဟု စထရောက်စ်က အေအက်ဖ်ပီသို့ ပြောသည်။

အန္တရာယ်ရှိနိုင်သော နေရာများအဖြစ် လူ သန်း၂၀ကျော်နေထိုင်သော အမေရိကန်ကမ်းရိုးတန်းနေရာအချို့ကို လေ့လာမှုက ထောက်ပြခဲ့သည်။

လေ့လာသူများက လုပ်ငန်းဆိုင်ရာကာဘွန်ထုတ်လွှတ်မှုများအပြင် အနောက်အန္တာတိကရေခဲလွှာပျော်ကျမှုတို့ကို လေ့လာခန့်မှန်းခဲ့ကြသည်။ ၂၀၂၀ပြည့်နှစ်တွင် ကာဘွန်ထုတ်လွှတ်မှု အမြင့်ဆုံးဖြစ်မည့် အခြေအနေကို ပြောင်းလဲနိုင်ခြင်းမရှိပါက ဖြစ်လာနိုင်သည့်အရာများကို လေ့လာသူများ ထည့်သွင်းစဉ်းစားခဲ့သည်။

၂၀၅၀ပြည့်တွင် ကာဘွန်ထုတ်လွှတ်မှုအမြင့်ဆုံးရောက်မည်ဟု ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့က ရည်မှန်းထားသော်လည်း ထို့ထက်အများကြီးစောနိုင်သည်ဟုလည်း စထရောက်စ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly