ရေးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူ ၂၀၀၀ ခန့် ရေဘေးသင့်နေ

ရေးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူ ၂၀၀၀ ခန့် ရေဘေးသင့်နေ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရေး၊ သြဂုတ် ၁၁ ။        ။ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း သြဂုတ် ၁၀ ရက်နေ့ညပိုင်းက  မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ တောင်ကျရေ စီးဆင်းမှု ၊ ရေးမြစ်ရေ မြင့်တက် မှုတို့ကြောင့် ရေးမြို့နယ်အတွင်းရှိ အိမ်ခြေ ၁၅၀၀ ခန့် နှင့် လူဦးရေ ၂၀၀၀ ခန့် ရေဘေးသင့်နေကြောင်း သိရသည်။

" ကယ်ဆယ်ရေး ဆင်းလာကြတဲ့အဖွဲ့တွေနဲ့ မြို့ခံအဖွဲ့တွေရယ် ၊ ကျွန်တော်တို့မြို့ခံအဖွဲ့ကတော့ ဆုံမှတ်လုပ်ထားတဲ့နေရာတွေအားလုံးကို ဖြန့်ကျက်ထားတယ်။ အခုလက်ရှိက နေအိမ်ကနေ မထွက်နိုင်တဲ့၊ ပိတ်မိနေတဲ့လူတွေကို ကယ်ဆယ်ရေးစခန်းတွေဆီကို ရောက်အောင်တော့ ခေါ်လာတယ်။ ထမင်းထုပ် တစ်ခေါက်ပို့ပြီးပြီ။ ညနေပိုင်းတစ်ခေါက် ထပ်ပို့ပေးမယ် ။ လက်ရှိက ကျန်တဲ့အဖွဲ့တွေနဲ့ ဆက်သွယ်ပြီးတော့ လုပ်ဆောင်နေပါတယ်” ဟု ရေးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှာ ခရိုင်မှူး ကိုဘိုဘိုထွန်းက မဇ္စျိမကိုပြောသည်။

ရေးမြို့နယ်အတွင်းရှိ အောင်သုခရပ်ကွက် ၊ အောင်မေတ္တာ ၊ အောင်မင်္ဂလာ ၊ ရန်ကြီးအောင်တိုးချဲ့ရပ်ကွက်များရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ပြီး ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည်။

" နှစ်တိုင်း ကျွန်တော်တို့ သဘာဝဘေးဒဏ် ခံရလို့ရှိရင် ကျွန်တော်တို့မှာ ကြိုတင်ပြင်ဆင်မှု ဘာမှမရှိဘူး။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ သဘာဝဘေးဒဏ်နဲ့ ပတ်သက်ရင် ပြည်သူတွေကို အသိပညာပေးတာတို့ ၊ ဘာဖြစ်ရင် ဘာလုပ်ရမှာတို့ အကျယ်တဝင့် မရှိဘူး။ လှေဆိုရင်လည်း ကျွန်တော်တို့မှာ ရှိတဲ့၊ ရှိတဲ့ဟာနဲ့သွားရတာ။ ချက်ချင်း ကျွန်တော်တို့ကို လာကူညီပေးဖို့ ဘယ်သူမှ အဆင့်သင့်မရှိဘူး “ ဟု အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုဇော်မျိုးဝင်းက ပြောသည်။

သြဂုတ် ၁၁ ရက်နေ့ နံနက်ပိုင်းက ရေးမြို့နယ်အတွင်း မွန်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ရန်ကုန်တိုင်း တို့မှာ လူမှုကယ်ဆယ်ရေးများနှင့်အတူ အစိုးရမှ ထောက်ပ့ံမှုများ ပြုလုပ်လျက်ရှိကြောင်း တွေ့ရသည်။

နေအိမ်ရေနစ်မြုပ်နေသည့် လူများကို ကယ်ဆယ်ရေးစခန်း ငါးခု ဖွင့်လှစ်ထားရှိပြီး မြို့ခံလူများကို အနီးအနားမှ အလှူရှင်များ ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ကူညီကယ်ဆယ်ထောက်ပံံ့လျက်ရှိကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly