မန္တလေးတိုင်း သဘာဝဘေးအတွက် ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ ဖွဲ့စည်းထား

မန္တလေးတိုင်း သဘာဝဘေးအတွက် ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ ဖွဲ့စည်းထား
(ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့)

သြဂုတ် ၁၁ ။            ။ မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တပြေးညီ ကူညီပေးနိုင်ရန် ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့ ဖွဲ့စည်းထားသည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ထိုသို့ အချိန်နှင့်တပြေးညီ ကူညီနိုင်ရန်အတွက် ဇာတ်တိုက် လေ့ကျင့်ခြင်းများ၊ပညာပေးဟောပြောပွဲများ၊စီမံခန့်ခွဲမှုသင်တန်းများဖွင့်လှစ်သင်ကြားပေးထားကာ မြို့နယ်အလိုက် မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြင့်လည်း ချိတ်ဆက်ကူညီဆောင်ရွက်နိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

"မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ပညာပေးဟောပြောပွဲများ၊ စီမံခန့်ခွဲမှုသင်တန်းများ၊ ကူညီကယ်ဆယ်ရေးသင်တန်းများနဲ့ ဇာတ်တိုက်လေ့ကျင့်ခြင်းတွေကိုလည်း လုပ်ဆောင်ပြီးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့ကိုလည်း ဖွဲ့စည်းထားပါတယ်။"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သေးသည်။

ဧရာဝတီမြစ်နှင့်ထိစပ်နေသည့် ပုသိမ်ကြီးမြို့နယ်၊အမရပူရမြို့နယ်၊စဉ့်ကူးမြို့နယ်နှင့်သပိတ်ကျင်းမြို့နယ်တို့ရှိ ရပ်ကွက်ကျေးရွာအချို့နှင့်အနိမ့်ပိုင်း ရပ်ကွက်အချို့တွင် ရေဘေးကြုံတွေ့ခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့သေးသည်။

သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အကူအညီများ လိုအပ်ပါက ဒေသအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇- ၃၄၀၄၇၇၇ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။

သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်လည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ တွေ့ဆုံပြီး ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရေးလုပ်ငန်းများ၊ ဒေသခံ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ပြီး ဒေသအလိုက် ဖိုက်ဘာစက်လှေများ၊ အသက်ကယ်အကျႌများ၊ ရေစုပ်စက်များ ကြိုတင်ထောက်ပံ့ထားရှိကြောင်းလည်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly