ဗစ်တိုးရီးယားအမှု တရားမျှတမှုရရှိရေးအတွက် နေပြည်တော်တွင် ဆန္ဒထုတ်ဖော်

ဗစ်တိုးရီးယားအမှု တရားမျှတမှုရရှိရေးအတွက် နေပြည်တော်တွင် ဆန္ဒထုတ်ဖော်
ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့တွင် ဇူလိုင်လ ၁၃ရက်က ဆန္ဒဖော်ထုတ်နေကြစဉ်။ (ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ)

နေပြည်တော်၊ သြဂုတ် ၁၁ ။           ။ နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့မှာ ဗစ်တိုးရီးယားအမှုအတွက် တရားမျှတမှုရရှိရေးနှင့်ပတ်သက်ပြီး လူအင်အား ၁၀၀ ခန့်က သြဂုတ် ၁၁ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုအောင်နိုင်က “ဗစ်တိုးရီးယားကိစ္စနဲ့ပတ်သက်လို့ တရားဥပဒေ မစိုးမိုးဘူး၊ ဥပဒေသည် မမျှတသေးဘူး။ တရားစွဲမဏ္ဍိုင်ပေါ့၊ တရားစွဲတဲ့အဖွဲ့အစည်းသည် တည်ဆောက်မှု အားနည်းတယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ကတော့ အစားထိုးကြတာလား။ ငွေကြောင့် ငွေနောက်ကို လိုက်ကြတာလား။ အမှန်တရားဆိုတာကို မချစ်မြတ်နိုးတဲ့သူတွေ လုပ်နေကြတာလား၊ ဒါကို ကျွန်တော်တို့က သက်သေတစ်ခုတော့ မြင်ချင်တယ်” ဟု ဆိုသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ပျဉ်းမနားမြို့အောင်မင်္ဂလာ ကားကွင်းအဟောင်းမှ မြင်းရုပ်အရှေ့ ကျောက်တိုင် အထိ လမ်းလျှောက်ချီတက်ခဲ့ကြသည်။

“ မြန်မာနိုင်ငံရဲ့ ဥပဒေ အားနည်းချက်ကို ဖော်ထုတ်ပေး၊ တရားမျှတတဲ့ ဥပဒေဖော်ဆောင်ပေး၊ ဗစ်တိုးရီးယား အတွက် တရားမျှတမှု ရရှိရေး၊ လူ့အဖွဲ့အစည်းတွင် တရားဥပဒေစိုးမိုးရေး ၊ မျိုးဆက်သစ်များအတွက် လုံခြုံစိတ်ချရတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးပေးရေး၊ နောက်ထပ် ဗစ်တိုးရီယားများ အလိုမရှိ” စသည်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 “သက်ငယ်မုဒိမ်းမှုအတွက်ကို ကျွန်မတို့ ပေးတဲ့ဥပဒေက မထိရောက်ဘူး။ ထိထိရောက်ရောက်ကို ပေးချင်တာ။ ဘာလို့လဲဆိုရင် ဒီမသိနားမလည်တဲ့ ကလေးတွေကို လုပ်စရာလည်း အကြောင်းမရှိဘူး။ အဲဒါကို အခြားနိုင်ငံတွေမှာဆိုရင် သက်ငယ်မုဒိမ်းအတွက်ဆို ဥပဒေက ထိထိရောက်ရောက် ရှိတယ်။ မြန်မာနိုင်ငံမှာ မရှိဘူး။ အဲ့အတွက်ကို မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေအတွက်ကို ဥပဒေအသစ်တစ်ရပ် ရေးဆွဲစေချင်တယ်။ သမ္မတကြီးကိုလည်း တောင်းဆိုချင်ပါတယ်”ဟု ဆန္ဒထုတ်ဖော်ရာမှာပါဝင်သူ မဝေဝေလွင် က ပြောဆိုသည်။

ယနေ့ ဆန္ဒထုတ်ဖော်ပွဲသည် နေပြည်တော်ကောင်စီနယ်မြေတွင် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက လယ်ဝေးမြို့မှာ ပထမအကြိမ်အဖြစ် လုပ်ဆောင်ခဲ့ကြသည်။

ဗစ်တိုးရီးယားအမှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိရန် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ပြောကြားထားသည်။

အဆိုပါအမှု ရုံးချိန်းကို ၄ ကြိမ်မြောက်အဖြစ် သြဂုတ် ၁၄ ရက်နေ့ကို ချိန်းဆိုထားပြီး လက်ရှိတွင် Wisdom Hill မူကြိုကျောင်း အုပ်ချုပ်ရေးမှူး၏ ကားမောင်းသူကို သံသယတရားခံအဖြစ် စွဲတင်ထားသည်။

နေပြည်တော်တွင် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး လိင်အကြမ်းဖက်ခံရမှု ဖြစ်ပွားပြီးနောက် ယင်းကလေးငယ်ကို ဗစ်တိုးရီးယားဟု နာမ်စားသုံးကာ တရားမျှတမှုရှိရေး ဆန္ဒထုတ်ဖော်နေကြခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly