ယီမင်ပဋိပက္ခအတွင်း ခွဲထွက်ရေးသူပုန်များက အဓိကကျသည့် အေဒင်မြို့ကို သိမ်းပိုက်

ယီမင်ပဋိပက္ခအတွင်း ခွဲထွက်ရေးသူပုန်များက အဓိကကျသည့် အေဒင်မြို့ကို သိမ်းပိုက်

သြဂုတ် ၁၁ ။         ။ ယီမင်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခတိုက်ပွဲဲများအတွင်း  တောင်ပိုင်းခွဲထွက်ရေးသူပုန်များက ယခုအခါ နိုင်ငံတွင် အရေးပါသည့် ဆိပ်ကမ်းမြို့ အေဒင်ကို သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း ထုတ်ပြန်သွားသည်။

နိုင်ငံတကာ ကျောထောက်နောက်ခံပြုထားသည့် ယီမင်အစိုးရအား သစ္စာခံသော တပ်ဖွဲ့ဝင်များနှင့် အကြား ရက်များစွာကြာ တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ အေဒင်မြို့ကို တောင်ပိုင်းခွဲထွက်ရေးသူပုန်အုပ်စုက သိမ်းပိုက်သွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အေဒင်မြို့ရှိ သမ္မတအိမ်တော် အပါအဝင် စစ်တပ်စခန်းများကို ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်း ယူအေအီး ကျောထောက်နောက်ခံပြု တောင်ပိုင်း အသွင်ကူးပြောင်းရေး ကောင်စီ STC နှင့် မဟာမိတ်ပြုထားသည့်  ခွဲထွက်ရေးတပ်ဖွဲ့ဝင်များက  ပြောသည်။

ယင်းလုပ်ရပ်က ဟူသီ သူပုန်များနှင့်အကြား တိုက်ခိုက်နေသည့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအုပ်စုအတွက်  ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ဆိပ်ကမ်းမြို့ အေဒင်သည် ယီမင် သမ္မတ မန်ဆော် ဟာဒီ အစိုးရ ယာယီ ရုံးစိုက်ရာ နေရာလည်းဖြစ်နေခဲ့သည်။ သမ္မတကိုယ်တိုင်ကတော့ လက်ရှိမှာ ဆော်ဒီမြို့တော် ရီယက်ဒ်တွင် ရှိနေသည်။

ယခုကဲ့သို့ နိုင်ငံတကာက အသိအမှတ်ပြုထားသော အစိုးရတစ်ရပ်၏ အဆောက်အအုံများကို သိမ်းယူခြင်းသည် လက်တွေ့တွင် အာဏာသိမ်းခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ယီမင်တွင် ဖြစ်ပေါ်နေလျက်ရှိသည့် ပြည်တွင်းစစ်ကြောင့် နိုင်ငံကို ဖွတ်ဖွတ်ညက်ညက် ကြေစေလျက် ရှိသလို အရပ်သား ထောင်ပေါင်းများစွာလည်း သေဆုံးထားခဲ့ပြီး ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly