မွန်ပြည်နယ်တစ်လျှောက် မြေတူးဖော်ခွင့်ကို ပြည်နယ်အစိုးရမှ ပိတ်ပင်မည်

မွန်ပြည်နယ်တစ်လျှောက် မြေတူးဖော်ခွင့်ကို ပြည်နယ်အစိုးရမှ ပိတ်ပင်မည်
 မြေပျိုကျမှုများအား ဒုသမ္မတနှင့်အတူ မွန်ဝန်ကြီးချုပ်လာရောက်စစ်ဆေးစဉ်။ ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

ပေါင်၊သြဂုတ် ၁၀ ။          ။ မွန်ပြည်နယ်အစိုးရအနေဖြင့် မွန်ပြည်နယ်တစ်လျှောက်ရှိ တောင်များမှ မြေကြီးတူးဖော်သည့်လုပ်ငန်းများကို ဥပဒေအရ အရေးယူလုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သြဂုတ် ၁ဝရက်နေ့ ညနေပိုင်းက ပြောဆိုလိုက်သည်။

“ဒါနဲ့ ပတ်သက်ပြီး နောက်လည်း မဖြစ်အောင် ကျွန်တော်တို့ပြည်နယ်အစိုးရက ဆုံးဖြတ်ထားပြီးပြီ။ အဲဒါကတော့ တောင်မှာ ရှိတဲ့မြေကြီးတွေ၊ ကျွန်တော်တို့ မွန်ပြည်နယ်တစ်လျှောက်ကို ပြည်နယ်အစိုးရအနေနဲ့ မွန်ပြည်နယ်တစ်လျှောက် ဘယ်နေရာမှ တူးခွင့်မရှိဘူး။ တူးတာကို လုံးဝ လက်မခံဘူး။ တူးတယ်ဆိုရင် ကျွန်တော်တို့ ဥပဒေအရ အရေးယူဖို့ ဆုံးဖြတ်ပြီးသား ဖြစ်တယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမကြီးဘေးရှိ ကုလားမတောင်တန်း၏ လတ်မတောင် မြေပြိုကျခဲ့ကာ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်အနေဖြင့် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“နောက် ဒီနေရာက သက်နုကျောက်တောင် ဖြစ်နေတယ်။ ဒီ ပတ်ဝန်းကျင်မှာလည်း ဘယ်လိုတွေဆက်ပြီးတော့ ထပ်ပြီးတော့ ဆက်လုပ်ရမယ်ဆိုတာ ကျွမ်းကျင်တဲ့ နည်းပညာတွေ အကူညီနဲ့ တောင်ပေါ်တက်ပြီး နောက်ထပ်ဖြစ်နိုင်တဲ့အခြေအနေတွေ ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ ကျွမ်းကျင်တဲ့ပညာရှင်တွေ ခေါ်ပြီးတော့ ဆောင်ရွက်မှာ ဖြစ်တယ်” ဟု ထပ်မံပြောဆိုသည်။

သြဂုတ် ၉ ရက်နေ့ နံနက်ပို်င်းက မြေပြိုကျမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီး သြဂုတ် ၁၀ ရက်နေ့ ညပိုင်းအထိ  ကနဦး ရရှိသည့်စုံစမ်းမေးမြန်းချက်များအရ သေဆုံးသူ ရုပ်အလောင်း ၃၄ လောင်းအထိ ရှာဖွေ့တွေ့ရှိထားသည်။

အဆိုပါ ရှာဖွေကယ်ဆယ်ရေးအပိုင်းတွင် တပ်မတော်၊ရဲတပ်ဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ မွန်ပြည်နယ်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ ၊ သထုံ၊ဘီးလင်းဘက်မှ ကယ်ဆယ်ရေးအဖွဲ့ဝင်များဖြင့် ကျန်ရှိနေသည့် ရုပ်အလောင်းများကို ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်နေကြာင်း သိရသည်။

အခင်း ဖြစ်ပွားသော အဆိုပါနေရာတွင် လူ နေထိုင်ရန် ခွင့်ပြုထားသော်လည်း မြေတူးဖော်မှုလုပ်ငန်းများ လာရောက်လုပ်ကိုင်နေသူများ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly