ရန်ကုန်-ကော့သောင်းလမ်း ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်အစပ်တွင်လမ်းပြတ်တောက်မှု ဖြစ်ပေါ်

ရန်ကုန်-ကော့သောင်းလမ်း ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်အစပ်တွင်လမ်းပြတ်တောက်မှု ဖြစ်ပေါ်
ဓာတ်ပုံ - မျိုးဝင်း(Facebook)

ရန်ကုန်၊ သြဂုတ် ၁၀ ။           ။ ရန်ကုန်မှ ကော့သောင်းအထိပေါက်သော AH112 အမည်ရအမြန်လမ်းမှာ ရေးမြို့နယ်နှင့် ရေဖြူမြို့နယ် အစပ်တွင် နှစ်နေရာလမ်းပြတ် တောက်မှုဖြစ်ပေါ်နေကြောင်း မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၈) မှဦးမျိုးဝင်းက မဇ္စျိမသို့အတည်ပြုပြောသည်။

“မနက်က တောင်ပေါ်ကမြေတွေပြိုကျနေတယ်ဆိုတော့။ ယန္တရားတွေနဲ့ရှင်းနေတာပေါ့။ ရှင်းရင်း ရှင်းရင်းကနေ မနိုင်တော့ဘူး။ မနိုင်ရင်း မနိုင်ရင်းနဲ့ကို ပြတ်ထွက်သွားတာပေါ့။ လူတော့မပါဘူး။ လမ်းအလုပ်သမားတွေတော့ ရှိတာပေါ့နော်။ အင်ဂျင်နီယာတွေရှိတယ်။ ဒါပေမယ့် လူတော့ဘာမှမဖြစ်ပါဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါလမ်းမှာ ရေးမြို့နယ်နှင့် ရေဖြူမြို့နယ် နှစ်ခုဆုံသည့်နေရာ မလွှဲတောင်၏ တောင်ကုန်းပေါ်တွင်တည် ရှိပြီး သြဂုတ်လ ၁၀ ရက်နေ့၌ လမ်းပိုင်းနှစ်နေရာတွင် ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပြတ်တောက်မှု သည် ရေးမြို့နယ်အဆင်း ၁၄ မိုင်နေရာနှင့် ၃၉၁ ကီလိုမီတာနေရာတို့တွင် ပြတ်တောက်မှုဖြစ်ပေါ်ခြင်းဖြစ်ပြီး ရက်ရှည်ပြုပြင်ရဖွယ်ရှိကြောင်း ဦးမျိုးဝင်းကပြောသည်။

“လောလောဆယ်က ဒီလမ်းကတော်ယုံ၊ တန်ယုံကတော့ သွားလို့မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ ချောက် တွေကအနက်ကြီးလေ။ ပြန်ပြင်ရင်ကြာမယ်။ တကယ်လို့သွားရင်တောင် ခရီးသည်ကို ဟိုဘက်ကမ်း၊ ဒီဘက် ကမ်းကူးမယ်ဆိုတဲ့အနေအထားမှသွားလို့ရမယ်။ ကားဖြတ်ဖို့ကတော့ တော်တော်လေးလုပ်ရဦးမှာ။ အဲ့ဒါကြောင့် တနင်္သာရီတိုင်းကလူတွေ ခရီးသွားရင် သတင်းတွေနည်းနည်းနားစွင့်ပြီး သွားကြဖို့လေ” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

မကြာသေးမီကလည်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ သဲဖြူကုန်းကျေးရွာအနီးမြေပြိုကျကာ အဝေးပြေးလမ်း ပိတ်ဆို့ မှုဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများပူးပေါင်း၍ ကယ်ဆယ်ရှင်းလင်း နေကြ သည်။
ထို့ကြောင့် မွန်၊ ရေး၊ ထားဝယ်၊ တနင်္သာရီတိုင်းသို့ပြေးဆွဲနေသည့် ကားလိုင်းအချို့မှာ ရပ်နားထားရပြီး သြဂုတ် ၉ ရက်နေ့ အထိ ရန်ကုန်- မော်လမြိုင် ရထားခရီးစဉ်တချို့လည်း ရွှေ့ဆိုင်းခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required