အားလုံးမျှော်လင့်နေသည့် အခြေခံဥပဒေပြင်ဆင်ရေး မဖြစ်နိုင်ဟုဆို

By နူးရာ
10 August 2019
အားလုံးမျှော်လင့်နေသည့် အခြေခံဥပဒေပြင်ဆင်ရေး မဖြစ်နိုင်ဟုဆို
ဓာတ်ပုံ - နူးရာ

ရန်ကုန်၊ သြဂုတ် ၁၀ ။          ။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှ လုပ်ဆောင်နေသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ၂၀၀၈ အခြေခံဥပဒေကိုသာပြန်လည်အခြေခံ၍ ပြင်ဆင်မှုပြုလုပ်ခြင်းဖြစ်သောကြောင့် အားလုံးမျှော်လင့်နေသည့်  ပြင်ဆင်ရေး မဖြစ်နိုင်ဘူးဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အတွင်းရေးမှူး စိုင်းညွှန့်လွင် က ပြောသည်။

"အခုဆွေးနွေးနေတဲ့ဟာတွေ အားလုံးက ၂၀၀၈အခြေခံဥပဒေရဲ့ ပုဒ်မတွေကိုပဲ ဆွေးနွေးတာလေ။ အခြေခံ ဥပဒေတစ်ခုဆိုတာက နိုင်ငံရေးဆွေးနွေးပွဲကနေ နိုင်ငံရေးသဘောတူညီချက်တွေကနေ ဆင်းသက်လာတာ။

အခြေခံဥပဒေမှာရှိတဲ့ ပုဒ်မတွေကို ပြင်ဆင်ရုံနဲ့တော့ မပြီးနိုင်ဘူး။ နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်မှုပေါ်မှာ မူတည်တယ်။ ဒီလိုပြင်ဆင်ရုံနဲ့တော့ မရနိုင်ဘူး။ အခုပြင်ဆင်တယ်ဆိုတာလည်း တပ်မတော်က သဘော မတူဘူး။ လုပ်လို့ မရဘူး။ အန်အယ်လ်ဒီ သဘောမတူဘူး။ လုပ်လို့ မရဘူး။ နှစ်ဖက်လုံး သဘောတူမှ လုပ်လို့ရမယ်။" ဟု စိုင်းညွှန့်လွင်က ပြောသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြင်ဆင်ချက် ၁၁၁၂ ခုဖြင့် ပြင်ဆင်ချက် အများဆုံး တင်သွင်းခဲ့သည်။

၄၅ ဦး ပါဝင်သည့် ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်မှ စတင်ဖွဲ့စည်း ကတည်းကပင် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ဥပဒေနှင့် ညီညွှတ်မှု မရှိဟုဆိုကာ ကန့်ကွက်မှုများလုပ်ဆောင်ခဲ့ကြသည်။

ကော်မတီမှ တင်သွင်းသောအစီရင်ခံစာတွင် အခန်း ၁၅ ခန်းလုံးအတွက် (ပြင်ဆင်/ပယ်ဖျက်/ ဖြည့်စွက်) အကြံပြုချက် စုစုပေါင်း ၃၇၆၅ ချက် ပါရှိပြီး သြဂုတ်လ ၉ ရက်နေ့က ပြည်ထောင်စုလွှတ်တေ်ာတွင် အစီရင် ခံစာအတွက် စက်ခလုတ်နှိပ်ကာ မဲခွဲ အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly