ကုလ၏ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ကန့်ကွက်ကြောင်း အမျိုးသားရေးလှုပ်ရှားသူများပြော

ကုလ၏ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ကန့်ကွက်ကြောင်း အမျိုးသားရေးလှုပ်ရှားသူများပြော
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ သြဂုတ် ၁၀ ။           ။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာသီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်နှင့် အစီရင်ခံစာကို ကန့်ကွက်ကြောင်း အမျိုးသားရေးလှုပ်ရှားသူများက ပြောဆို လိုက်သည်။

အဆိုပါ မစ်ရှင်နှင့် အစီရင်ခံစာအားကန့်ကွက်ပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဒုလပန်းခြံ ကားရပ်ကွင်း အတွင်း သြဂုတ် ၁၀ ရက်နေ့က ပြုလုပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိခိုက်ပုတ်ခတ်စော်ကားလာမယ်။ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်လာမယ်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွေကို အလွဲသုံးစားပြုနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်ကိုလည်း ပြင်းပြင်းထန်ထန်ကန့် ကွက် ကြောင်း ဒီနေရာကနေပြီးဆရာတော်က ကြေညာအပ်ပါတယ်” ဟု အမျိုးသားရေးဆရာတော် ဦးပါမောက္ခ က မိန့်ဆိုသည်။

အဆိုပါ ကန့်ကွက်ပွဲကို အမျိုးသားရေးတက်ကြွ လှုပ်ရှားသူ ၁၀၀ ဝန်းကျင်ခန့် ပါဝင်ခဲ့ကြပြီး ဦးဆောင်ပုဂ္ဂိုလ် သုံးဦးက ဟောပြောခဲ့ကြပြီး အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ကန့်ကွက်ကြောင်းနှင့် အဖွဲ့ဝင်များကိုလည်း မြန်မာပြည်ဝင်ခွင့် မပေးရန် အမျိုးသားရေး လှုပ်ရှားသူများကတောင်းဆိုခဲ့ကြသေးသည်။

မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို သြဂုတ်လ ၅ ရက်နေ့ ရက်စွဲ ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်တွင် တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်း များအပါအဝင် ဆက်စပ်နေသည့် စီးပွားရေး အဆက်အသွယ်များကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် အကြံပြု ထားသည်။

အဆိုပါ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကိုလက်မခံကြောင်း မြန်မာနိုင်ငံအစိုးရဘက်ကလည်း သြဂုတ် ၆ ရက်နေ့က တုံ့ပြန် ပြောဆိုထားပြီး စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်သည့် အကြံပေးချက် များ သည် ပြဿနာများအား ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မည်ဟု မယုံကြည်ကြောင်း မြန်မာအစိုးရဘက်က တုံ့ပြန်ပြောဆိုထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို စက်တင်ဘာတွင် ကျင်းပမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ တင်သွင်းသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly