မီတာဝယ်ယူတပ်ဆင်ရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မမှန်မကန်ပြုလုပ်မှုများ ရှိခဲ့ဟုဆို

မီတာဝယ်ယူတပ်ဆင်ရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မမှန်မကန်ပြုလုပ်မှုများ ရှိခဲ့ဟုဆို
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ သြဂုတ် ၁ဝ ရက် ။         ။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မီတာဝယ်ယူတပ်ဆင်ရာတွင် မမှန်မကန်ပြုလုပ်မှုများ ရှိခဲ့ကြောင်း T&D Smart Technology ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ၊ လျှပ်စစ် အင်ဂျင်နီယာ ဦးမြင့်ဇော်က သြဂုတ်လ ၉ ရက်နေ့က သတင်းစာရှင်းလင်းမှုတစ်ရပ်ပြုလုပ်ပြီး ပြောခဲ့သည်။

 ၂ဝ၁၇-၂ဝ၁၈ တွင် ဝန်ကြီးဌာနဘက်က အိန္ဒိယနိုင်ငံမီတာကို တင်ဒါပါသတ်မှတ်ချက်နှင့် မကိုက်ညီဘဲ ဝယ်ယူ ထားခြင်း၊ ၂ဝ၁၈-၂ဝ၁၉ ၌ နောက်တစ်ကြိမ်ထပ်မံဝယ်ယူရာတွင် တင်ဒါစည်းကမ်းချက်များကို လက် တစ်လုံး ခြား ထပ်မံဖြည့်စွက်ခြင်း၊ တင်ဒါအောင်သည့် ကုမ္ပဏီတစ်ခုတည်း၏ အသုံးအနှုန်းကို ကြိုတင် ထည့်သွင်း ထားခြင်း၊ တပ်ဆင်သည့် မီတာဖတ်စနစ်သည် ပြည်ပမှ ဦးစွာဖတ်ရှုနေကြောင်း တင်ပြသည်ကို ဝန်ကြီး ဌာန ဘက်မှ လစ်လျူရှုခြင်း၊ နည်းပညာသတ်မှတ်ချက်များကို စစ်ဆေးမှုမပြုဘဲ လက်ခံခြင်း စသည့် မမှန်မကန် မှုများရှိနေကြောင်း ဦးမြင့်ဇော်က ပြောသည်။

“ဝန်ကြီးဌာနနဲ့ ၂ဝ၁၇-၂ဝ၁၈ မှာ စလုပ်တဲ့အခါမှာ ဘာသွားတွေ့ရလဲဆိုတော့ တည့်တည့်ပြောရရင်တော့ မရိုးသားမှုတွေ တွေ့ရတယ်ပေါ့နော်။ ဝင်လုပ်ကြည့်မှ ဒီဟာတွေက တွေ့ရတာ။ မီဒီယာဆို မြင်ဖို့ အဝေးကြီးပဲ သာမန်ပြည်သူတွေဆို မတွေ့နိုင်ဘူး” ဟု ၄င်းက ပြောသည်။

အဆိုပါမမှန်မကန်မှုများအတွက် စစ်ဆေးဆောင်ရွက်ပေးရန် ပြည်သူ့လွှတ်တော်တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာကော်မတီကို ၂ဝ၁၈ ခုနှစ် ဧပြီလအတွင်းက တိုင်ကြားစာပေးပို့ခဲ့ပြီး ၂ဝ၁၉ ခုနှစ် ဧပြီလတွင် ကော်မတီ က လက်ခံရရှိကြောင်း သိရသည်။ တိုင်ကြားစာကို ကော်မတီမှတစ်ဆင့် လျှပ်စစ်ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး ဝန်ကြီးဌာနဘက်က ၂ဝ၁၉၊ ဇွန်လ အတွင်း စီစစ်ပြန်ကြားစာပြန်လည်ပေးပို့ခဲ့ရာ၌ စျေးအနည်းဆုံးကုမ္ပဏီမှ တင်ဒါလုပ်ထုံး လုပ်နည်း အရဝယ်ယူ ခဲ့ကြောင်း၊ နည်းပညာအောင်မြင်သော ကုမ္ပဏီ(၂)ခုအနက်မှ စျေး အနည်းဆုံး သော်တာဟိန်းကုမ္ပဏီမှ ပစ္စည်းများကို စာချုပ်ချုပ်ဝယ်ယူခဲ့ကြောင်း၊ ဦးမြင့်ဇော်အနေဖြင့် တိုင်ကြားရခြင်းမှာ ၄င်း၏ အကျိုးအမြတ်အတွက် ဖြစ်ကြောင်း စသဖြင့်ပြန်ကြားစာတွင် ဖော်ပြထားကြောင်း တွေ့ရသည်။

“ဒီတင်ဒါထဲမှာ IP-54 လို့ ရေးထားတယ်။ 5 ဆိုတာက မီတာထဲကို ဖုန်မဝင်ရဘူးလို့ ပြောတာ။ 5 ကတော့ ငြင်းစရာမရှိဘူး။ နောက်က 4 က ပြသာနာရှိတယ်။ 4 ဆိုတာက အဲ့ဒီမီတာကို အောက်ကပါဝါသွင်းထားပြီး ၃၆ဝ ဒီဂရီ ရေပန်းနဲ့ ဆယ်မိနစ်ပက်ရမယ်တဲ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီမီတာမှာ ဝါယာကြိုးဝင်ထားတဲ့အတွက် အောက်က ရေပက်ရင် အကုန်လုံး ရှော့ခ်ဖြစ်ကုန်မှာပေါ့။ ဒီမီတာက စစ်မထားဘူး။ စစ်ထားရင် အားလုံးရဲ့ တစ်ခုချင်း၊ တစ်ခုချင်းကို အကုန်စစ်ထားတဲ့ စာရွက်ရှိရမယ်။ ဒီမီတာက မရှိဘူး။ ဦးတောင်းကြည့်တော့မှ မိတ္တူတွေနဲ့ မည်းနေတာတွေ တင်လာတယ်။ ဘာပစ္စည်းမှန်းတောင်မသိဘူး။ တကယ်က စာမျက်နှာ ငါးထောင်ကျော်လောက်ရှိတယ်။ သူတို့ပြတာ စာမျက်နှာ ၁၅ မျက်နှာပဲ ရှိတယ်” ဟု ဦးမြင့်ဇော်က ပြောသည်။

လျှပ်စစ်ဝန်ကြီးဌာနကို မမှန်မကန်ပြုလုပ်သည်ဆိုကာ တိုင်ကြားထားခဲ့သည့် ဦးမြင့်ဇော်ကို အဂတိကော်မရှင်မှ ပြီးခဲ့သည့် ဝါဆိုလပြည့်နေ့နှင့် နောက်တစ်နေ့တွင် နှစ်ရက်ကြာမေးမြန်းမှုပြုလုပ်ခဲ့ပြီး တိုင်ကြားမှု မှန်ကန်ခြင်း ရှိမရှိ ဆက်လက်စုံစမ်းစစ်ဆေးကာ အစီရင်ခံစာတင်ပြသွားမည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက မဇ္စျိမကို ပြောသည်။

အဆိုပါကိစ္စရပ်များအတွက် မှတ်ချက်ပြုပေးနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်ထံ မဇ္စျိမက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကလည်း နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဝင်ရောက်စစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်နှင့် ဇနီးဖြစ်သူ ဒေါ်လှလှမူ၊ ဒုတိယဝန်ကြီးဦးထွန်းနိုင်နှင့် ဇနီးဒေါ်သင်းသင်းမော်တို့၏ ငွေစာရင်းအချက်အလက်များကို စီစစ်ပေးရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို အကြောင်းကြားခဲ့ပြီး မည်သည့်အမှုအတွက် စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ကော်မရှင်ဘက်က ဖြေကြားခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required