AA နှင့် ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးထားသူများကို တရားစွဲတင်

By ကရိုင်နူးရာ
09 August 2019
AA နှင့် ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးထားသူများကို တရားစွဲတင်
ဓာတ်ပုံ - ကရိုင်နူးရာ

ရန်ကုန်၊ သြဂုတ် (၉) ။        ။ စင်ကာပူနိုင်ငံမှ ပြည်နှင်ဒဏ်ပေးလိုက်ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည့် ရခိုင်လူမှုရေးအသင်း ( စင်ကာပူ)၏ ခေါင်းဆောင်အပါအဝင် ကိုးဦးကို သြဂုတ်လ ၉ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲတင်လိုက်သည်။

" အနောက်ပိုင်းခရိုင်တရားသူကြီးဆီမှာပဲ တရားစွဲတင်လိုက်တာ။ ပထမစွဲထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)(ခ)(ဂ)နဲ့ မဟုတ်တော့ဘူး။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)/၅၂(က)နဲ့ ကိုအောင်မြတ်ကျော်ပါ ခုနှစ်ဦးကို တရားစွဲဆိုတယ်။ နောက်တစ်ဦးကိုတော့ ပုဒ်မ ၂၀(ည)နဲ့ပဲ ချုပ်ရက်ရမာန် ၂၃ရက်နေ့အထိ ယူခဲ့တယ်။ ဒီအမှုမှာ တရားခံပြေးတွေလည်း ပါနေသေးတော့ တရားခံပြေး အမှုတွေကိုလည်း ရုံးက ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်။ " ဟု တရားစွဲဆိုခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းမှ ပြောသည်။

ပုဒ်မ ၅၂(က)သည် ထောင်ဒဏ် သုံးနှစ်မှ ခုနှစ်နှစ်အထိ ချမှတ်နိုင်ပြီး ပုဒ်မ ၅၀(ည)သည် ထောင်ဒဏ် ခုနှစ်နှစ်မှ အမြင့်ဆုံး တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ကြောင်း သိရသည်။

မြန်မာအစိုးရမှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် ရခိုင့်တပ် AA အတွက် ရန်ပုံငွေ ထောက်ပံ့ သည်ဟုဆိုကာ စင်ကာပူမှ မြန်မာနိုင်ငံသားအချို့အား ပြည်နှင်ဒဏ် ပေးခဲ့ပြီး ဇူလိုင်လ ၉ရက်နှင့် ၁ဝရက် နေ့တို့တွင်ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

" AAS ဆိုတာ Arakan Army Association မဟုတ်ပါဘူး။ Arakan Association Singapore ပါ။ AA ဆိုတာ ရခိုင့်တပ်မတော် မဟုတ်၊ ရခိုင်လူမှုအသင်းသာ ဖြစ်တယ်။"ဟု တရားစွဲဆိုခံထားရသူတစ်ဦးဖြစ်သည့် ကိုတင်လှိုင်ဦးမှ ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသူများသည် အဖမ်းဆီးခံရပြီး တစ်လကြာမှသာ မိသားစုနှင့် ပြန်လည်တွေ့ဆုံခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်မှ နောက်တိုး သံသယရှိသူများကို  တရားခံပြေးအဖြစ် ကြေညာသွားရန် ရှိနေပြီး မည်သူဆိုသည်ကိုမူ မသိသေးကြောင်း ရှေ့နေ ဦးကျော်မျိးထွန်းက ပြောသည်။

အမှုအတွက် နောက်ထပ်ရုံးချိန်းကို သြဂုတ်လ ၂၃ရက်သို့ ပြန်လည် ချိန်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly