နေပြည်တော်၊ သြဂုတ်လ ၉၊ ။ ။ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိနယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများတွင် လိုအပ်သောလုံခြုံရေး ပစ္စည်းများ ဝယ်ယူရန် ကျပ်သန်းပေါင်း ၂၄၅၈၁.၉သန်းကို အရေးပေါ်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲခဲ့ကြောင်း သြဂုတ်လ ၉ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။
အဆိုပါ ထုတ်ယူထားသော အရေးပေါ်ရန်ပုံငွေဖြင့် လုံခြုံရေးသုံးပစ္စည်းများနှင့် ခြံစည်းရိုးကာရန်ခြင်း လုပ်ငန်းများအတွက် ကျပ် ၁၉၁၀၃.၉ဝသန်း ၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရှိရဲစခန်းများ၊ ရဲကင်းစခန်းများနှင့် အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ကို ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းများအတွက် ကျပ် ၁၁၅၀.၆၉၄သန်း ကို လုပ်ဆောင်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
ထို့အပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး ၊ရှမ်းပြည်နယ် ရဲတပ်ဖွဲ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်အဆောက်အဦများ အစားထိုးဆောက်လုပ်ခြင်း အတွက် ကျပ် ၄၃၂၇.၃၀၁ သန်းအပါအဝင် စုစုပေါင်း ကုန်ကျငွေကျပ်သန်းပေါင်း ၂၄၅၈၁.၉ သန်း လိုအပ် ကြောင်း ဗိုလ်ချုပ်အောင်သူကပြောသည်။
အဆိုပါ လိုအပ်လျက်ရှိသည့် ကုန်ကျငွေကို ငွေစာရင်းခေါင်းစဉ်လွှဲပြောင်းပေအပ်ရာတွင်မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ငွေလုံးငွေရင်း အသုံးစရိတ်ခွင့်ပြုရန်ပုံငွေ ၊ အသုံးစရိတ်ငွေမှ ပိုလျှံငွေမရှိသည့်အတွက် အရေးပေါ်ရန်ပုံငွေမှ ခွင့်ပြုပေးနိုင်ရန် စီမံဘဏ္ဍာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ဖြင့် နိုင်ငံတော် သမ္မတ ရုံးသို့ ခွင့်ပြုစာ တင်ကာ ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲခဲ့သည့် ကျပ်သန်းပေါင်း နှစ်သောင်းကျော်ကို လွှတ်တော်တွင် မှတ်တမ်းတင်ရန် ကြေညာခဲ့သည်။