မကွေးတိုင်းတွင် မြစ်ရေဝင်ခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့် သီးနှံဧက ကိုးထောင်ကျော် ပျက်စီးဆုံးရှုံး

မကွေးတိုင်းတွင် မြစ်ရေဝင်ခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့် သီးနှံဧက ကိုးထောင်ကျော် ပျက်စီးဆုံးရှုံး

မကွေး၊ သြဂုတ် ၉ ။        ။ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် မိုးဦးကျစိုက်ပျိုးရာသီတွင် မိုးခေါင်ခြင်း၊ ရေကြီးခြင်း ကဲ့သို့သော သဘာဝဘေးကြောင့် နှမ်း၊ မြေပဲနှင့် အခြားသီးနှံစိုက်ပျိုး ဧကပေါင်း ၉၇၉၇ ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။

“ ထိခိုက်တဲ့ဧကပေါင်း ၁၅၀၂၂၂ ရှိပြီး ပျက်စီးတဲ့ဧက ၉၇၉၇ ဧက ရှိပါတယ်။ စိုက်ပျိုးထားတဲ့ယာခင်းတွေထဲ ကွင်းဆင်းစစ်ဆေးပြီး ဇူလိုင် ၃၁ ရက်နေ့အထိ အတည်ပြုထားတာပါ” ဟု မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

မြေနုကျွန်းနှင့်မြစ်ကမ်းနံဘေးတွင် စိုက်ပျိုးထားသည့် နှမ်း၊ မြေပဲနှင့် အခြားသီးနှံ စိုက်ပျိုးခင်းများတွင် မြေရေ ကြီးသဖြင့် ရေဝင်ရောက်၍ပျက်စီးပြီး မိုးခေါင်သဖြင့် စိုက်ပျိုးထားသည့် နှမ်း၊ မြေပဲနှင့် အခြားသီးနှံစိုက်ခင်းများ ခြောက်သွေ့သေဆုံးခဲ့သဖြင့် စိုက်ပျိုးဧကများ ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

 “ ဒီနှစ်မှာ ကျွန်မတို့အဖွဲ့က ကျေးရွာ ၁၀ ရွာက ယာမြေဧက ၄၆၅.၆၀ ဧကကို GAP နှမ်းမျိုးတွေ ထောက်ပံ့ပေးပြီး စိုက်ပျိုးတာ၊ မိုးခေါင်နေတော့ ကျေးရွာတစ်ချို့က နှမ်းခင်းတွေ သေဆုံးကုန်ပါတယ်။ ကျန်တဲ့ နှမ်းခင်းတွေလည်း မိုးမရွာလို့ကတော့ ဆက်ပြီး ပျက်စီးသေဆုံးသွားနိင်ပါတယ်” ဟု ရေနံချောင်းမြို့နယ်၊ တောင်သူလယ်သမားများနှင့်စိုက်ပျိုးရေးလုပ်သားများအဖွဲ့ ကွင်းဆင်းတာဝန်ခံ ဒေါ်ဝင်းသီတာခိုင်က ပြောသည်။

မိုးခေါင်သဖြင့် စိုက်ပျိုးထားသည့်နှမ်းများမှာ နှမ်းမရရှိနိုင်သည့်အပြင် မြေပဲခင်းများမှာ လာမည့် နှစ်ပတ်အတွင်း မိုးမရပါက နွားစာအဖြစ်သာ ရရှိတော့မည်ဟု မကွေးမြို့နယ် ထုံးပေါက်တောမြောက်ရွာမှ တောင်သူ ဦးမောင်ညိုက ပြောသည်။

ထိုသို့ သီးနှံအပြင် ကျွဲ၊ နွား၊ ဆိတ် တိရစ္ဆာန်များအတွက် နွားစာနှင့်သောက်သုံးရေ အခက်တွေ့နေကြောင်း ထုံးပေါက်တောမြောက်ရွာမှ တောင်သူ ဦးမျိုးညွန့်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း မိုးဦးကျ မြေပဲစိုက်ဧက ၂၇၀၀၀၀ ကျော်ရှိပြီး နှမ်းစိုက်ဧက ဆယ်သိန်း သုံးသောင်း ) ကျော် ရှိကာ မိုးခေါင်နေသည်မှာ တစ်လခန့်ကြာမြင့်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ယင်းသို့ မိုးခေါင်နေသော်လည်း မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး မွန်နှင့်တနင်္သာရီတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required