မြစ်ရေမြင့်တက်မှုကြောင့် တနင်္သာရီမြို့တွင် စာသင်ကျောင်းတချို့ စတင်ပိတ်ခဲ့ပြီး လူဦးရေ ၃၀၀ ကျော် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရ

မြစ်ရေမြင့်တက်မှုကြောင့် တနင်္သာရီမြို့တွင် စာသင်ကျောင်းတချို့ စတင်ပိတ်ခဲ့ပြီး လူဦးရေ ၃၀၀ ကျော် ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရ
ရေး- ထားဝယ် ကားလမ်း ကလိန်အောင် အနီး မိုင်တိုင် ၇၆/ ၆ နှင့် ၇၇ အကြား မြေပြို၍ ကားလမ်း ပိတ်နေမှု။ ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ သြဂုတ် (၉) ။           ။ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၃ ပေ အထိ တဖြည်းဖြည်း မြှင့်တက်နေပြီး သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းအထိ လူဦးရေ ၃၀၀ ကျော်ကို နီးစပ်ရာကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရကာ စာသင်ကျောင်း တချို့ကိုလည်း ပိတ်ထားရကြောင်း သိရသည်။

လက်ရှိ တနင်္သာရီ မြစ်ရေ အခြေအနေမှာ သြဂုတ်လ ၉ ရက်နေ့ မွန်းလွှဲပိုင်းတွင် ပေ၂၀ ၄လက်မ အထိ မြင့်တက်နေပြီး အန္တရာယ်ရေ အမှတ် -၂၄ ပေသို့ ရောက်ရှိရန် သုံးပေကျော်ခန့်သာလိုတော့ကြောင်း သိရသည်။

“ဒီနေ့ မနက် အထိတော့ လူဦးရေ ၃၂၀ ကို ယာယီ ကယ်ဆယ်ရေး စခန်းကို ပို့ထားပါတယ်၊ စာသင်ကျောင်း ၇ ကျောင်းကိုလည်း ပိတ်ထားပါတယ်၊ နောက်ပြီး လယ်ဧက နှစ် ထောင်ကျော်လည်း ရေနစ်မြှုပ်နေတယ်”ဟု တနင်္သာရီမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောသည်။

ထိုသို့ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မြိတ်- ပုလောလမ်းပိုင်းရှိ ပပြင်နှင့် ဇရပ်ဆိပ်ကျေးရွာတို့တွင် မိုးကောင်း ရေကျဆင်းနေ၍ နေအိမ်များမျှောပါခြင်း၊ ကားလမ်း ရေကျော်ခြင်းနှင့် သစ်ပင်များ ပြိုလှဲနေကြောင်း ကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

ထို့အပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ်လ ၉ရက် နေ့လယ်ပိုင်းတွင် တောင်ကျရေများ စီးဆင်းပြီး မြိတ်-ထားဝယ် ပြည်ထောင်စုလမ်း ပပြင်ကျေးရွာအပိုင်း မိုင်တိုင်အမှတ် ၁၇/၀ တွင် ကားလမ်းရေကျော်၍ ပိတ်မိနေကြောင်း သိရသည်၊  ၄င်းတောင်ကျရေ စီးဆင်းမှုကြောင့် ပပြင်တံတားအနီးမှ လူနေအိမ် နှစ်လုံး ရေစီးဖြင့် မျှောပါသွားကာ အိမ်ခြေ ၅၀ ခန့် ရေဘေးသင့်နေကြောင်း သိရ သည်။

လက်ရှိတွင် မြိတ်မြို့နယ်မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေး အဖွဲ့များနှင့် တာဝန်ရှိသူများ သွားရောက် ကူညီပေးနေပြီး လူအသေအပျောက် မရှိသေးကြောင်း သိရသည်။

အဆိုပါ ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေခြင်းကြောင့် မြိတ်- ထားဝယ်- မော်လမြိုင်နှင့် ရန်ကုန်သို့ ပြေးဆွဲ နေသည့် အဝေးပြေး ယာဉ်လိုင်းများလည်း အရေးပေါ်ရပ်နားထားရကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly