ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး တောင်ပြိုကျမှုတွင် လူ ၁၀၀ ခန့် ပိတ်မိဟု ခန့်မှန်းရ

ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး တောင်ပြိုကျမှုတွင် လူ ၁၀၀ ခန့် ပိတ်မိဟု ခန့်မှန်းရ
Myanmar Fire Services Department

ရန်ကုန်၊ သြဂုတ် ၉ ။        ။ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ ရန်ကုန်- မော်လမြိုင် ကားလမ်းဘေးတွင် မိုးရွာသွန်းမှုကြောင့် နေအိမ်များ၊ ကားများအပေါ်သို့ တောင်ပြိုကျကာ လူ ၁၀၀ ခန့် ပိမိနေသည်ဟု ခန့်မှန်းရကြောင်း မွန်ပြည်နယ်၊သထုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ အခြေအနေကဘာမှန်းမသိဘူး။ သူက လမ်းမပေါ်က ကားတွေကိုရော အကုန်လုံးတိုက်ချသွားတော့ အဲ့ဒီ့ မြေကြီးတွေအောက်မှာ ကားဘယ်နှစ်စီး ရှိတယ်။ လူ ဘယ်နှစ်ယောက်ပိပြီး သေနေတယ်ဆိုတာမသိဘူးရှင့်။ အားလုံးပေါင်း ကျွန်မထင်တယ်။ လူ ၁၀၀ နီးပါးလောက်(( ပိတ်မိနေသူများ) ရှိမယ်ထင်တယ်။ ပါသွားတာ” ဟု အခင်းဖြစ်ရာနေရာသို့ ရောက်ရှိနေသူ ဒေါ်ခိုင်ခိုင်လဲ့က မဇ္ဈိမသို့ ပြောသည်။

သြဂုတ် ၉ ရက်နေ့ နံနက်အစောပိုင်းက ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ ရှိ ရန်ကုန်- မော်လမြိုင် ကားလမ်းဘေးတွင် မိုးရွာသွန်းပြီး တောင်ပြိုကျသဖြင့် အိမ်များ မြေပိမိကာ လတ်တလောတွင် သေဆုံးသူ ၁၃ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိထားသည်ဟု သိရသည်။

“အခုတော့ သေဆုံးနေတဲ့ခန္ဓာကိုယ်တွေထွက်လာတာ ၁၃ ယောက်လောက်ရှိပြီ” ဟု မွန်းလွဲ ၂ နာရီခန့်တွင် ၎င်းက အတည်ပြုပြောဆိုသည်။

ရန်ကုန်- မော်လမြိုင် ကားလမ်းဘေးရှိ သဲဖြူကုန်းကျေးရွာဘေးတွင် မြေသားတောင် ရှိနေခြင်း ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းပေါ်တွင်အရှည် ပေ ၅၀၀ ခန့် ရှိသည့် မြေပုံကြီးဖြစ်နေကာ ပြန်လည်ရှင်းလင်းရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း သိရသည်။

လတ်တလော အခြေအနေများအရ အခင်းဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများအပြင် တပ်မတော် သားအချို့ပါ ကူညီရန်ရောက်ရှိနေပြီး စက်ကိရိယာများဖြင့် ပြန်လည်တူးဖော်ရေး၊ လမ်းရှင်းလင်းရေး လုပ်ငန်း များကို လုပ်ဆောင်နေကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ မုဒုံ၊ မုတ္တမ၊ ပေါင်၊ ကျိုက်မရောတို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly