ဗြိတိန်ကလပ်အသင်းတွေ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့

ဗြိတိန်ကလပ်အသင်းတွေ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့

ဗြိတိန်ကလပ်တော်တော်များဟာ ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့စျေးကွက် နောက်ဆုံးနေ့ ဒေသစံတော်ချိန် ညနေ (၅)နာရီမတိုင်ခင် ကြာသပတေးနေ့က နောက်ဆုံးမိနစ်အထိ လှုပ်ရှားခဲ့ပြီး လန်ဒန်ကလပ်တွေ လက်သွက်ခဲ့တဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့လည်းဖြစ်ခဲ့ပါတယ်။

အာဆင်နယ်က ဆဲလ်တစ်အသင်းရဲ့ စကော့တလန် ဘယ်နောက်ခံလူ တီယာနေးကို "ကာလရှည်စာချုပ်"နဲ့ ခေါ်ယူခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဆဲလ်တစ်အသင်းမှာ လူငယ်ဘဝကတည်းက ကစားပေးနေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တီယာနေးဟာ အပြောင်းအရွှေ့ နောက်ဆုံးပိတ်သိမ်းရက်က ဆေးစစ်မှု အောင်မြင်ခဲ့ပြီး အသင်းမှာ ကျောနံပါတ် (၃) ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

ကလပ်အသင်း နှစ်ဖက်စလုံးက ပြောင်းရွှေ့ကြေး၊ စာချုပ်သက်တမ်းတွေကို ထုတ်ဖော်ကြေညာခဲ့ခြင်းတော့ မရှိပါဘူး။

တီယာနေးဟာ နီကိုလပ်စ်ပီပီ၊ ဆီဘာလော့စ်၊ ဆာလီဘာနဲ့ မာတီနယ်လီတို့ပြီးရင် ယခုနွေရာသီမှာ အာဆင်အသင်းရဲ့ (၅) ဦးမြောက် ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်လာပါတယ်။

ဒါ့အပြင် အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ချယ်လ်ဆီက ဒေးဗစ်လုဇ်ကို အငှားဖြင့် ခေါ်ယူနိုင်ခဲ့တာက အံ့အားသင့်စရာပါ။ အထွက်ပိုင်းမှာတော့ တိုက်စစ်မှူး အန်ကတ်တီယာဟာ ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်ကို တစ်ရာသီအငှားနဲ့ စေလွတ်ခဲ့သလို တိုက်စစ်မှူး အီဝိုဘီကိုလည်း အဲဗာတန်အသင်းဆီ ရောင်းချခဲ့ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးနေ့မတိုင်ခင် တခြားအပြောင်းအရွှေ့တွေကတော့ လန်ဒန်ကလပ် စပါးအသင်းပဲဖြစ်ပြီး ဘက်တစ်ကွင်းလယ်လူ လိုဆယ်ကို ရာသီအတွက် အငှားနဲ့ ခေါ်ယူခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

လိုဆယ်လိုရဲ့ စာချုပ်အရ ၂၀၁၉-၂၀ ဘောလုံးရာသီအကုန်မှာ ကစားသမားကို 'အပြီးသတ် ခေါ်ယူနိုင်ခွင့် တစ်ရပ်'ပါဝင်တယ်လို့ စပါးက ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် လိုဆယ်လိုဟာ လန်ဒန်ကလပ်မှာ ဂျာစီနံပါတ် (၁၈)ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

စပါးအသင်းဟာ ဖူလ်ဟမ်အသင်းမှ အင်္ဂလန် ယူ-၂၁ တောင်ပံကစားသမား ဆက်ဆက်နွန်ကို အပြီးသတ်ခေါ်ယူခဲ့ပြီးနောက် လိုဆယ်လိုဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ စပါးအသင်းရဲ့ ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။

နယူးကာဆယ်ကလည်း သူတို့အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒန်ဒီကာရိုးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ တစ်ရာသီ ခေါ်ယူခဲ့ပါတယ်။

ဝက်စ်ဟမ်းကတော့ စျေးကွက်နောက်ဆုံးရက်မှာ ဘေဆယ်အသင်းမှ အသက် ၂၂ နှစ်အရွယ် ဆွစ်ဇလန်တိုက်စစ်မှူး အာဘီယန် အေဂျက်တီကို ခေါ်ယူမှုပြုလုပ်ခဲ့ပါတယ်။

ဘန်လေကလည်း အသက်(၂၉)နှစ်အရွယ် ချယ်လ်ဆီးကွင်းလယ်လူ ဒရင့်ဝါတာကို (၆)လ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။

မန်ချက်စတာယူနိုက်အသင်းကတော့ လူကာကူကို အင်တာမီလန်ဆီ ရောင်းထုတ်ခဲ့ပြီး ကစားသမားသစ် ထပ်မံခေါ်ယူခဲ့ခြင်း မရှိပဲ မက်ဂွိုင်းယား၊ ဘစ်စ်ကာ၊ ဒန်နီယယ်ဂျီမ်းစ်တို့ (၃)ဦးတည်းသာ ခေါ်ယူခဲ့လို့ ပရိသတ်တွေကို စိတ်ပျက်စေတယ်လို့ ဆိုရမှာပါ။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly