ပေါင်မြို့နယ်တွင် ရေကြီးနစ်မြုပ်နေပြီး အကူအညီများ လိုအပ်နေ

ပေါင်မြို့နယ်တွင် ရေကြီးနစ်မြုပ်နေပြီး အကူအညီများ လိုအပ်နေ

ပေါင်၊ သြဂုတ် ၉  ။              ။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအချို့တွင် ယနေ့ သြဂုတ် ၉ ရက် နံနက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေ စီးကျလာမှုကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်နှင့်မြို့ပေါ်ရပ်ကွက်များတွင်ပါ ရေကြီးနစ်မြုပ်နေကာ အကူညီများ လိုအပ်နေသည်။

လက်ရှိတွင် ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ ရှိ ရန်ကုန်- မော်လမြိုင် ကားလမ်းဘေးတွင် မိုးရွာသွန်းပြီး တောင်ပြိုကျသဖြင့် အိမ်များ ပြိုကျကာ လူများ ပိနေသောကြောင့် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေရပြီး လတ်တလောသတင်းများအရ တောင်ပြိုမှုကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ မနက်က မုတ္တမမှာ ရေကြီးလို့ ကယ်ဆယ်ရေးတွေ ဟိုကို အကုန်ရောက်နေတယ်။ ခု တပ်မတော်သားနဲ့ သထုံက လူကယ်ပြန်ကို ခေါ်ထားတယ် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက်။ ခုက ရေက ငါးမိနစ်လောက်ပဲ ရှိမယ် အိမ်ထဲရောက်လာတာ။ ကယ်ဆယ်ဖို့လည်း ဘယ်သူမှ မရောက်သေးဘူး။ ဒီ အနီးအနား လူငယ်တွေပဲ လိုက်လုံကူညီပေးနေတယ်။ နောက်ပြီး အချို့အိမ်တွေဆို လူနာရှိတော့ ဒုက္ခ ရောက်နေကြတယ်ပေါ့” ဟု ကဒါရပ်ကွက်နေထိုင်သူ ဒေါ်ချမ်းမွန်က ပြောသည်။

သြဂုတ် ၉ ရက်နေ့၊ နံနက် ၃ နာရီခန့်က မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မုတ္တမတောင်ကျချောင်းရေ၊ သံလွင်မြစ်ရေ မြင့်တက်ကာ ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် ပေါင်မြို့နယ်တွင်ပါ ရေနစ်မြုပ်နေပြီး မုဒုံမြို့နယ်ပါ ရေနစ်မြုပ်နေသည်ဟု ထပ်မံသိရသည်။

ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ကျိုက်မရော-မော်လမြိုင်ကားလမ်းပေါ်တွင် ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့သည်။

ထို့ပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊သီရိမြိုင်ရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လူနေအိမ်များ နစ်မြုပ်နေသဖြင့် ကယ်ဆယ်ရေးများ ဆောင်ရွက်နေရသည်။
    

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly