အခွန်နှုန်းလျော့ချရန် အဆို အတည်ပြုနိုင်ပါက အိမ်ခြံမြေနှင့် SME လုပ်ငန်းအပေါ် အကျိုးသက်ရောက်မည်

အခွန်နှုန်းလျော့ချရန် အဆို အတည်ပြုနိုင်ပါက အိမ်ခြံမြေနှင့် SME လုပ်ငန်းအပေါ် အကျိုးသက်ရောက်မည်

ရန်ကုန်၊ သြဂုတ် ၈ ရက် ။         ။ အခွန်နှုန်းလျော့ချရန် အဆိုတင်သွင်းမှု အတည်ပြုနိုင်ပါက အိမ်ခြံမြေနှင့် SME (အလတ်စား စီးပွားရေး လုပ်ငန်း)များအတွက် ကြီးကြီးမားမား အကျိုးသက်ရောက်နိုင်မည် ဟု ရွှေလင်ဗန်းစက်မှုဇုန်၊ အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က သုံးသပ်ပြောဆိုသည်။

 “အလယ်အလတ် SME ကိုတော့ အဓိက သက်ရောက်စေမှာပါ။ နောက် ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ဒီအချိန်မှာ အိမ်ရာတွေ၊ အဆောက်အဦတွေ တော်တော်များများကတော့ သက်တောင့်သက်သာ ဖြစ်သွားနိုင်တယ်။ ဝယ်တာ၊ ရောင်းတာ။ အရင်က သိန်း ၁၀၀၀ လောက် တန်တဲ့ အိမ်ကို သွားဝယ်ဖို့ ကြတော့ ၃ဝ ရာခိုင်နှုန်းဆိုတော့ သိန်း ၃၀၀ လောက် ဆောင်ရမှာပေါ့။ အခုဟာက သိန်း ၃၀ လောက်ဆိုတော့ အများကြီး သက်တောင့်သက်သာဖြစ်သွားမှာပေါ့”  ဟု ဦးနေလင်းဇင်က ပြောသည်။

စည်းကြပ်ခွန်မှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အခွန်ကောက်ခံမှုနှုန်းထား လျှော့ချမည့် ၂ဝ၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြည်ထောင်စုလွှတ်တော်သို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သြဂုတ် ၇  ရက်နေ့တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“အခုလို လုပ်ပေးလိုက်ရင် နှစ်ဦးစလုံး Win Win ပေါ့။ ကျွန်တော်တို့ နိုင်ငံက အစိုးရကို အခွန်သာ ဆောင်ရတယ်။ အစိုးရဆီက ရနိုင်တာက နည်းတယ်။ ဒါပေမယ့် အခွန်တွေက နည်းလို့ပါ။ အခွန်က လာမယ့် ၂ဝ၁၉ အခွန်ရပြီးရင်တော့ အခွန်တွေ ပိုများလာမယ့် အနေအထားမှာ ရှိပါတယ်” ဟု ဦးနေလင်းဇင်က ပြောသည်။

ယခု အဆိုပြုထားသော အခွန်နှုန်းထားများမှာ ကျပ်သိန်း ၁၀၀၀ အတွက် သုံးရာခိုင်နှုန်း၊ ကျပ် သိန်း ၁၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀ အထိ  ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝဝအထက်မှ ကျပ်သိန်း ၃၀၀၀၀ အထိ ၁ဝ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀၀၀၀ အထက်အတွက် ၃ဝ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။

၂ဝ၁၈၊ ၂ဝ၁၉ အခွန်ဥပဒေအရ စည်းကြပ်မှုမှ ကင်းလွတ်နေသော ငွေများဖြင့် ပိုင်ဆိုင်မှုတစ်ခု ဝယ်ယူပါက သိန်း ၃ဝဝ လျှင် ၁၅ ရာခိုင်နှုန်း၊ သိန်း ၃ဝဝ မှ သိန်း ၁၀၀၀ အတွင်းကို ၂ဝ ရာခိုင်နှုန်းနှင့် သိန်း ၁၀၀၀ အထက် အတွက် ၃ဝ ရာခိုင်နှုန်း အခွန်သတ်မှတ်ခဲ့သည်။

ယခုကဲ့သို့ အခွန်နှုန်းထားများကို များစွာ လျော့ချမည့် အခွန်အကောက်ဥပဒေသစ်ကို အတည်ပြုနိုင်ပါက အခွန် နှုန်းထား များနေခြင်း၊ အိမ်ခြံမြေဥပဒေ မထွက်ရှိခြင်းတို့ကြောင့် နှစ်အတော်ကြာ ငြိမ်သက်နေသော အိမ်ခြံမြေစျေးကွက် ပြန်လည်အသက်ဝင်လာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

“ဒီဟာက အိမ်ခြံမြေစျေးနှုန်းတော်တော်လေး ချပေးလိုက်တယ်လို့ပဲ ပြောရမှာပေါ့။ တကယ် ဖြစ်လာမယ် ဆိုရင်ပေါ့။ အများကြီး ချပေးထားတော့ နံပတ်တစ်က ဘာကောင်းလာမလဲဆိုတော့ အခွန်တွေ မဆောင်ရသေးတဲ့သူတွေ အခွန်ဆောင်ရင် နိုင်ငံတော်အတွက် ကောင်းမယ်။ နံပါတ်နှစ် ကတော့ အိမ်ခြံမြေ အရောင်းအဝယ် ငြိမ်သက်နေတဲ့ လေးနှစ်တာကာလမှာ ငြိမ်သက်နေတာတွေက နည်းနည်း အသက်ဝင်လာမယ် လို့ မျှော်လင့်တယ်” ဟု ၎င်းက ပြောသည်။

အခွန်ကောက်ခံမှုနှုန်း လျှော့ချရာတွင် အခြေခံပစ္စည်း ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း လုပ်ငန်းအသစ် ထူထောင်ခြင်း၊ လုပ်ငန်း ထပ်မံတိုးချဲ့ခြင်းတို့အတွက် အသုံးပြုမည့်ငွေကြေးများအပေါ်တွင်သာ အကျိုးခံစားခွင့် ရှိမည် ဖြစ်ပြီး တရားမဝင်ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့မှ ရရှိသော ဝင်ငွေများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူ ဆောင်ရွက်သည့်ကိစ္စများနှင့် သက်ဆိုင်မည်မဟုတ်ကြောင်း ဥပဒေကြမ်း တွင် ဖော်ပြပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required