ရခိုင်စစ်ရှောင်များအတွက် အစိုးရဘက်မှ ကူညီထောက်ပံ့သွားရန် ရှိ

ရခိုင်စစ်ရှောင်များအတွက် အစိုးရဘက်မှ ကူညီထောက်ပံ့သွားရန် ရှိ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ရှိ ဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေရသော ရခိုင်ဒေသခံ စစ်ဘေးရှောင်မိသားစုများအား သြဂုတ် ၈ ရက်နေ့က တွေ့မြင်ရစဉ်။ ဓာတ်ပုံ- EPA-EFE/NYUNT WIN

နေပြည်တော်၊ သြဂုတ် ၈ ။      ။ ကာလအတန်ကြာ စစ်ရှောင်နေရသော ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် အစိုးရမှ ကူညီထောက်ပံ့မှုများ လုံလောက်စွာ ပေးရန် ရှိနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။

“ နိုင်ငံတော်အနေနဲ့ ဆောင်ရွက်တဲ့နေရာမှာလည်း နိုင်ငံတော်ကိုယ်စား ကျွန်တော်တို့ဝန်ကြီးဌာန တစ်ခုတည်း မဟုတ်ပါဘူး။ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနအသီးသီးကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကျန်းမာရေးကဏ္ဍအတွက်ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဆောင်ရွက်ပေးသလို၊ လယ်ယာစိုက်ပျိုးရေးကိစ္စနဲ့ပတ်သက်လို့ အပိုင်းကိုလည်း သက်ဆိုင်ရာ စိုက်မွေးဆည်က သူတို့နဲ့ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပညာရေးလည်း ထို့အတူပါပဲ” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။

သြဂုတ် ၈ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ်တွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် နိုင်ငံတော်မှ မည်သို့ကူညီစောင့်ရှောက်ပေးမည်ကို သိရှိလိုခြင်းနှင့်ပတ်သက်သည့် မြေပုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၏ မေးခွန်းအပေါ် ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ ခပ်စိတ်စိတ်ဖြစ်ပွားလာသော AA နှင့် တပ်မတော်အကြား တိုက်ပွဲများ ကြောင့်  စစ်ရှောင်ကာလမှာ ရှစ်လနီးပါးရှိနေပြီဖြစ်ပြီး စစ်ရှောင်အများစုမှာ နေရေး၊ စားသောက်ရေး၊ ကျန်းမာရေး များ အခက်အခဲ တွေ့ကြုံနေရသည်။

ကုလသမဂ္ဂအဖွဲ့အစည်းအချို့ကလည်း ရခိုင်ပြည်နယ်တွင်း စစ်ဘေးရှောင်ဒုက္ခသည်အရေးနှင့်ပတ်သက်ပြီး အကူအညီပေးရန်အတွက် အစိုးရနှင့်လည်း ဆွေးနွေးနေပြီး လူထု၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဒုဝန်ကြီးပြောဆိုချက်အရ သိရသည်။

ဝန်ကြီးဌာနစာရင်းအရ ဒုက္ခသည် ၂၀၀၀၀ ကျော်ရှိပြီး ကူညီနေကြောင်း ပြောဆိုသည့်အပေါ် ဒေသအရပ်ဖက် အဖွဲ့အစည်းများ၏ ကောက်ယူချက်တွင် ဒုက္ခသည် ၅၀၀၀၀ ကျော် ရှိနေကြောင်း မြေပုံမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ထောက်ပြပြောဆိုသည်။

 “ဒါ ဘာပဲပြောပြော နောက်ကြရင် သူတို့က လောက်ငှအောင်ကူညီပါမယ်ဆိုတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။ ဒေသခံတွေအတွက် ကိုယ်စား ကူညီမယ်၊ မကူညီဘူးဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပေါ့လေ။ ကျွန်တော် မေးခွန်းမေးတဲ့ အချိန်မှာ ထောက်ပံ့မှုက ပြည့်စုံပါတယ်။ ကျွန်တော်က အဲ့ဒါ နှစ်ခွန်း မေးတယ်။ ထောက်ပံ့မှု လုံလောက်ပါသလား ဝန်ကြီးလို့ ပြောတော့ လုံလောက်ပါတယ်။ နောက်ရှေ့ဆက်ပြီးတော့ သူတို့ လောက်ငှအောင် ကူညီသွားမယ်လို့ပြောတယ်” ဟု ဦးဖေသန်းက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊မြောက်ဦး၊ ကျောက်တော်၊ မင်းပြားစသည့် မြို့နယ် ၈ မြို့နယ်ရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စစ်ရှောင်စခန်း ၆၅ ခု ဖွင့်လှစ်ထားသည်။

ထို့ပြင် စစ်ဘေးရှောင်များအနေဖြင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အချို့စခန်းများတွင် ရေကြီးနစ်မြှုပ်ခြင်း ဘေးဒဏ်များပါ ခံစားနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required