အစိုးရဘက်မှ ဆန္ဒရှိပါက AA နှင့် ညှိနှိုင်းပေးမည်ဟု ရခိုင်အမတ်ပြော

အစိုးရဘက်မှ ဆန္ဒရှိပါက AA နှင့် ညှိနှိုင်းပေးမည်ဟု ရခိုင်အမတ်ပြော
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ရှိ ဘုန်းကြီးကျောင်းတွင် ယာယီခိုလှုံနေရသော ရခိုင်ဒေသခံ စစ်ဘေးရှောင်မိသားစုများအား သြဂုတ် ၈ ရက်နေ့က တွေ့မြင်ရစဉ်။ ဓာတ်ပုံ- EPA-EFE/NYUNT WIN

နေပြည်တော်၊ သြဂုတ် ၈ ။        ။ အစိုးရနှင့် ရက္ခိုင့်တပ်(AA)အကြား အစိုးရဘက်မှ ဆန္ဒရှိပါက ကြားဝင်ညှိနှိုင်းပေးရန် ရှိသည် ဟု ရခိုင်ပြည်နယ်၊ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

“ကျွန်တော်တို့က နိုင်ငံတော်အစိုးရက လိုအပ်တယ်။ ဒါဟာ ကြားခံအဖွဲ့အစည်းတစ်ခု ခုလိုအပ်တယ်။ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်တွေ ကြားဝင်ဖို့ လိုအပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က လုပ်ပေးဖို့ အဆင်သင့်ပဲ။ ကူညီဖို့ အဆင်သင့်ပဲ ပြောတာပါ”ဟု ဦးဖေသန်းက ပြောသည်။

ယနေ့ သြဂုတ် ၈ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင်း ငြိမ်းချမ်းရေး ရရှိစေရန်အတွက် ညှိနှိုင်းပေးလိုခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 “AA ကို အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်မယ်။ AA ကို ရခိုင်ပြည်နယ်ထဲမှာ ခြေချခွင့်မပြုဘူးဆိုတာ လက်တွေ့နဲ့ ယှဉ်ရင် တော်တော်ကို လွဲနေပြီ။ လွဲနေတယ်။ အဲဒီလိုမျိုး သတ်မှတ်ထားမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

၂၀၁၈ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ AA နှင့် တပ်မတော်ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

AA ကို ငြိမ်းချမ်းရေးဘောင်အတွင်းမှ  အစိုးရနှင့်  နှစ်ဖက်ဆွေးနွေးမှုများကို လုပ်ဆောင်ပြီး အနည်းဆုံး Bilateral ထိုးနိုင်ရန် စီစဉ်ပေးစေလိုကြောင်း ဦးဖေသန်းက ဆက်ပြောသည်။

“AA ကတော့ သူတို့ကလည်း ငြိမ်းချမ်းရေးယူမယ်လို့ ပြောထားတာပဲ။ ဒါပေမယ့် Confederate (မဟာမိတ်ဖွဲ့) တို့၊ လွတ်လပ်ရေးတို့ ပြောနေတာပေါ့လေ။ တကယ်တမ်းကတော့ ဆွေးနွေးဖို့ လိုတယ်။ ဘယ်အဆင့်မှာ တူညီမလဲ ဆိုတဲ့ ဘုံသဘောတူညီချက်တော့ တစ်ချိန်ချိန်မှာ ရောက်သွားမှာပါ ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲများကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား စသည့် မြို့နယ်များရှိ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင်  တိုက်ပွဲရှောင် စခန်း ၆၅ ခု ဖွင့်လှစ်ထားရပြီး စစ်ဘေးရှောင် ငါးသောင်းဂဏန်းခန့်ထိ ရှိလာနေသည်။

လက်ရှိတွင် ရက္ခိုင့်တပ် AA သည် အပစ်ရပ် NCA ကို လက်မှတ်ရေးထိုးထားခြင်းမရှိသေးဘဲ ၀ နှင့် KIA တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်လည်း ဖြစ်သည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly