နိုင်ငံရေးတွင်တပ်မတော်ပါဝင်မှု အကြွင်းမဲ့ဖယ်ရှားရန်လိုအပ်ဟု ၈၈ ကြေညာ

နိုင်ငံရေးတွင်တပ်မတော်ပါဝင်မှု အကြွင်းမဲ့ဖယ်ရှားရန်လိုအပ်ဟု ၈၈ ကြေညာ
ဓာတ်ပုံ - သူရ (မဇ္စျိမ)

ရန်ကုန်၊ သြဂုတ် ၈ ။       ။ ဒီမိုကရေစီရှင်သန်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးတွင် တပ်မတော်မှပါဝင် နေမှုအား အကြွင်းမဲ့ ဖယ်ရှားပေးရန်လိုအပ်သည်ဟု ၃၁ နှစ်မြောက် ၈၈ အရေးတော်ပုံနေ့တွင် ကြေညာ ပြောဆို လိုက်သည်။

 သြဂုတ်လ ၈ ရက်နေ့ က ရန်ကုန်မြို့တော် ခန်းမရှေ့ရှိ မဟာဗန္ဒုလ ပန်းခြံတွင် ၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ ကျင်းပရာတွင် အဆိုပါကြေညာချက်အား အရေးတော်ပုံတွင်ပါဝင်ခဲ့သူတစ်ဦး မှ ဖတ်ကြားခဲ့ ခြင်းဖြစ်သည်။

“ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၏ ရည်မှန်းချက်အနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီစနစ်ရှင်သန်ရေးနဲ့ မျက်မှောက်ကာလရဲ့ နိုင်ငံ ရေးလိုအပ်ချက်ဖြစ်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးမှာ တပ်မတော်ပါဝင်နေမှုကို အကြွင်းမဲ့ဖယ်ရှားဖို့လိုအပ်သည်” ဟူ၍ ကျောင်းသေားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ကိုမြအေး ကဖတ် ကြားခဲ့သည်။

၈၈ ငွေရတုအတည်းကကြေညာခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပြောင်းလဲရေး သို့မဟုတ် ပါက အသစ်ပြန်လည်ရေး ဆွဲရေးတို့ကိုလည်း အစိုးရအနေနဲ့လက်ရှိအချိန်ထိလုပ်ဆောင်နိုင်ခြင်း မရှိသေး ကြောင်း လည်း ကြေညာချက်တွင်ရေးသားထားသည်။

“ နှမျောတယ်။ ကျွန်တော်တို့ပါဝင်ခဲ့တဲ့ဟာကို နောင်တလုံးဝမရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့သွေးမြေကျခဲ့တဲ့ အချိန်အလဟာသ ကုန်ခဲ့တာကိုနှမျောတယ် “ ဟု ၃၁ နှစ်ပြည့်ပွဲတက်ရောက်ခဲ့သည့် ၈၈ အရေးတော်ပုံတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ မန်းဖိုးအေး (ဝါးခယ်မ) ကပြောသည်။

၂၀၁၉ ခုနှစ်တွင် ၃၁နှစ်ပြည့်မြောက်ခဲ့သော်လည်း အရေးတော်ပုံ၏ ရည်မှန်းချက်များမှာ ပြည်မြောက်ခြင်းမရှိသေးသကဲ့သို့ ကျဆုံးခဲ့ရသူများအတွက် တရားမျှတမှုကိုလည်း မဖော်ဆောင်နိုင်သေးဟု ၈၈ မျိုးဆက်တို့ဘက်မှပြောဆိုလိုက်သေးသည်။

ထို့အပြင် ၈၈ အရေးတော်ပုံ၏ မပြီးပြတ်သေးသောရည်မှန်းချက်များအား အကောင်အထည်ဖော်ရန် လက်ရှိအစိုးရအပါအဝင် ၈၈ မျိုးဆက်များ၊ နိုင်ငံရေးမျိုးဆက်အသီးသီးနှင့် တိုင်းရင်းသားအင်အားစုတို့ မဟာမိတ်ဝါဒ ဖြင့် လက်တွဲကြိုးပမ်းကြရမည်ဟုလည်း ယခုနှစ် ကြေညာချက်တွင်ရေးသားခဲ့သည်။

အလားတူ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုရှိစေရေး၊ လူ့အခွင့်အရေးချိုးဖောက် မှုများပ ပျောက်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်း ကျော်လွှားနိုင်ရေးတိုးကို လက်ရှိအစိုးရမှနေ၍ တိုင်းရင်းသားပြည်သူများနှင့်အတူဖြေရှင်းရမည်ဟုလည်း ပွဲကျင်းပသူများကပြောသည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် အဓိကကျသော ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ စတင်ခဲ့သည့် သြဂုတ်လ (၈) ရက်နေ့ကို ရှစ်လေးလုံးဒီမို ကရေစီအရေးတော်ပုံနေ့အဖြစ် သတ်မှတ်ကြောင်းလည်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required