H1N1 ကြောင့် သေဆုံးသူ ၉၀ ဦးအထိ ရှိလာ၊ ရန်ကုန်တိုင်းမှ ၆၃ ဦး ဖြစ်

H1N1 ကြောင့် သေဆုံးသူ ၉၀ ဦးအထိ ရှိလာ၊ ရန်ကုန်တိုင်းမှ ၆၃ ဦး ဖြစ်
ဓာတ်ပုံ - EPA

ရန်ကုန်၊ သြဂုတ် ၈ ရက် ။                       ။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် H1N1 ရာသီတုပ်ကွေးကြောင့် သြဂုတ်လ ပထမအပတ်အထိ သေဆုံးသူ ၉၀ ဦး ရှိလာပြီး ရန်ကုန်တိုင်းအတွင်း ၆၃ ဦး အထိ  ရှိလာကြာင်း ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ဇူလိုင်လ တတိယအပတ်တွင် H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၇၁ ဦး ရှိခဲ့ရာမှသေဆုံးသူ ၉၀ ဦးသို့ တိုးလာခြင်း ဖြစ်ကာ သြဂုတ် ၇ ရက်နေ့ ညပိုင်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  ကြေညာခြင်း ဖြစ်သည်။

ရာသီတုပ်ကွေး ဖြစ်ပွားမှုကြောင့် သေဆုံးမှုအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ၆၃ ဦးဖြင့် အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးမှ ကိုးဦး ၊ ပဲခူးတိုင်းဒေသကြီးမှ  ခုနစ်ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် သုံးဦး ၊ မကွေးတိုင်းဒေသကြီးတွင် နှစ်ဦး ၊ ကချင်ပြည်နယ် ၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် တစ်ဦးစီ  အသီးသီး သေဆုံးခဲ့သည်။

၂၀၁၉ ခုနှစ်၊ ခုနှစ်ကျော်ကာလအတွင်း ရာသီတုပ်ကွေး H1N1 သံသယရှိသူ ၁၁၅၇ ဦး ကို ဓါတ်ခွဲစစ်ဆေးခဲ့ပြီး  H1N1 ရောဂါပိုးတွေ့ရှိသူ ၄၉၀ ဦး အနက် ၉၀ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် သေဆုံးသူ ၃၈ ဦး ရှိခဲ့ပြီး  ၂၀၁၈ ခုနှစ်တွင် သေဆုံးသူ မရှိခဲ့သော်လည်း ယခုနှစ် သြဂုတ် ပထမအပတ်အထိ သေဆုံးသူ ၉၀ ဦးအထိ  ရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေ ထူထပ်ပြီး လူဦးရေ ၅ သန်းနီးပါး နေထိုင်ကာ မြန်မာနိုင်ငံ၊နေရာဒေသအစုံမှ လာရောက်နေထိုင်ကြသူ အများဆုံးဖြစ်သည်။

ရာသီတုပ်ကွေး H1N1 နှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရောဂါတားဆီးကာကွယ်ရေး ၊ ကျန်းမာရေးအစီစဉ်များ လုပ်ဆောင်လျက်ရှိကြောင်း ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly