မျက်နှာကို မစင်သုတ်အပြစ်ပေးခဲ့ခြင်းအပေါ် ပညာရေးဝန်ကြီးဌာနဘက်မှ စတင်စစ်ဆေးနေ

မျက်နှာကို မစင်သုတ်အပြစ်ပေးခဲ့ခြင်းအပေါ် ပညာရေးဝန်ကြီးဌာနဘက်မှ စတင်စစ်ဆေးနေ

ရန်ကုန်၊ သြဂုတ် ၈ ရက် ။                       ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စု၊အထက(ခွဲ)၌ ဖြစ်ပွားခဲ့သော ကျောင်းသားများ၏ မျက်နှာကို မစင်သုတ်အပြစ်ပေးခဲ့သည့်ကိစ္စအပေါ် ပညာရေးဝန်ကြီးဌာနဘက်မှ စတင် စုံစမ်းစစ်ဆေးနေကြောင်း မူဆယ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ စုံစမ်းသိရှိရသည်။

“ ပညာရေးဝန်ကြီးဌာနက ဌာနတွင်း စစ်ဆေးမှုတွေ လုပ်နေတယ်။ ကျွန်တော်တို့လည်း အဲဒီလောက်ပဲ ပြောနိုင်တယ်” ဟု မူဆယ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်က ပြောသည်။

ဖြစ်စဉ်မှာ သြဂုတ် ၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စု၊အထက(ခွဲ)၌ အင်္ဂလိပ်စာဆရာမ ဒေါ်အိဇာဇာအောင်သည် လပတ်စာမေးပွဲကျသော စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူ ၁၆ ဦးကို စာသင်ခန်းဘေးကွင်းပြင်တွင် မတ်တပ်ရပ်လက်မြှောက်ခိုင်းခြင်း၊ တုတ်ဖြင့် သုံးချက် ရိုက်ခြင်း၊ အိမ်သာမှ မစင် သွားယူခိုင်း၍ ပါးစပ်နှင့် နှာခေါင်းကို သုတ်လိမ်းခိုင်းခြင်းတို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

ဆရာမ၏ အဆိုပါလုပ်ရပ်ကို မကျေနပ်သောကြောင့် ကျောင်းသားမိဘများက သြဂုတ် ၅ ရက်နေ့တွင် ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများ၊ လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်နှင့် သက်ဆိုင်ရာအသီးသီးသို့  တိုင်ကြားစာ ပေးပို့ခဲ့သည်။

ထိုသို့ ပြုလုပ်ခဲ့ကြောင်း ကျောင်းသား၊ ကျောင်းသူထံမှ ပြန်လည် သိရှိရခြင်း ဖြစ်ကာ ဆရာမဘက်မှ အစပိုင်းတွင် ငြင်းဆိုခဲ့သော်လည်း နောက်နောင်မဖြစ်စေရကြောင်းသာ ပြောဆိုခဲ့သည်ဟု နမ့်တောင်းကျေးရွာ အသင်းတော် ဆရာဒွဲလာထံမှ သိရသည်။

“အခု ကျွန်တော်တို့ စာတင်ထားတယ်။ သက်ဆိုင်တဲ့ ပညာရေးဘက်က အကြီးအကဲတွေက အရေးယူမှု လုပ်ပေးဖို့ ။ ဒီကျောင်းသားမိဘတွေက များသောအားဖြင့် ပညာတတ်သိပ်မရှိဘူး။ မြန်မာလိုတောင် ကောင်းကောင်းပြောနိုင်တဲ့သူ နည်းတယ်။ ဖြစ်နိုင်ရင် သူတို့က ပညာရေးဘက်က အကြီးအကဲတွေက ဒီ ဆရာမကို ထိရောက်တဲ့ အရေးယူမှု လုပ်ပေးဖို့ လိုလားတယ်လို့ ပြောပါတယ်” ဟု ၄င်းက ပြောသည်။

အဆိုပါကိစ္စသည် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်၊ မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက မှတ်ချက်ပြုပြောသည်။

“လူတစ်ယောက်ကို မစင်သုတ်လိမ်းတယ်ဆိုတာ ပြောမယ်ဆိုရင် လူမျက်နှာနဲ့ မစင်ဟာ မအပ်စပ်တဲ့ အရာပါ။ ဒါ လူ့ဂုဏ်သိက္ခာ၊ ကျောင်းသားတွေရဲ့ ဂုဏ်သိက္ခာ၊ နောက် ဆရာမက တကယ်လုပ်တာလား။ ဟုတ်တယ် ဆိုရင် ဆရာ၊ ဆရာမရဲ့ ဂုဏ်သိက္ခာ ထိခိုက်တာပေါ့နော်။ တကယ်တမ်း လုပ်ရမယ့်ဟာတွေကတော့ အုပ်ချုပ်ရေးပိုင်း၊ ဌာနဆိုင်ရာ ပညာရေးပိုင်းအကြီးအကဲတွေက အောက်ခြေအထိ စုံစမ်းစစ်ဆေးရမဲ့ကိစ္စ ဖြစ်ပါတယ်။ တကယ်တမ်းမှန်လို့ရှိရင် အရေးယူတဲ့အပိုင်းတွေ ဖြစ်သင့်တာပေါ့လေ။ ဒါ လူ့ဂုဏ်သိက္ခာနဲ့ ဆိုင်တာကိုး ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။

လတ်တလောတွင် သက်ဆိုင်ရာဆရာမဘက်သို့ မဇ္ဈိမဘက်မှ ဆက်သွယ်၍ မရသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly