ပါကစ္စတန်က အိန္ဒိယနဲ့ သံတမန်ရေး ဆက်ဆံမှုကို အဆင့်လျှော့ချ

ပါကစ္စတန်က အိန္ဒိယနဲ့ သံတမန်ရေး ဆက်ဆံမှုကို အဆင့်လျှော့ချ

ကရာချိ၊ သြဂုတ် ၈ ။      ။ ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယနဲ့ သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချလိုက်ပြီး နိုင်ငံတွင်းကနေ အိန္ဒိယသံတမန်ကိုလည်း နှင်ထုတ်လိုက်သလို အိန္ဒိယနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုကိုပါ ရပ်ဆိုင်းလိုက်ပါတယ်။

ကက်ရှ်မီးယားဒေသနဲ့ ပတ်သက်တဲ့ အိန္ဒိယရဲ့ လုပ်ဆောင်ချက်ကို ကန့်ကွက်ရင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှက်မာမွတ်ကူရီရှီက အိန္ဒိယနဲ့ သံတမန်ဆက်ဆံရေး အဆင့်လျှော့ချကြောင်းကို လွှတ်တော်မှာ တင်ပြကြေညာလိုက်တာပါ။

“ပါကစ္စတန်အနေနဲ့ အိန္ဒိယနဲ့ ဆက်ဆံရေးကို အဆင့်လျှော့ချလိုက်ပါပြီ။ အပြန်အလှန်ကုန်သွယ်ရေးကိုလည်း ရပ်ဆိုင်ဖို့ ဆုံးဖြတ်ပါတယ်။ အိန္ဒိယနဲ့ အပြန်အလှန် သဘောတူညီချက်တွေကိုလည်း ပြန်လည်သုံးသပ်သွားတော့မှာ ဖြစ်ပါတယ်။”လို့ နိုင်ငံခြားရေးဝန်ကြီး မာမွတ်ကူရီရှီက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ၎င်းထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသအတွက် ဖွဲ့စည်းပုံအရ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြုထားတဲ့ ဥပဒေကို ဖျက်သိမ်းကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာခဲ့တာပါ။

ကက်ရှ်မီးယား ပြင်ပက အိန္ဒိယနိုင်ငံသားတွေကို အဲဒီ ဒေသမှာ အမြဲတမ်းနေထိုင်ခြင်း၊ မြေယာဝယ်ယူခြင်း၊ အစိုရ အလုပ်လုပ်ကိုင်ခြင်းနဲ့ ပညာသင်ဆုလျှောက်ထားခြင်းတွေကို တားမြစ်ထားတဲ့ ဖွဲ့စည်းပုံပါ ပုဒ်မ ၃၇၀ ကို ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ ခုလို လုပ်ဆောင်တာဟာ မွတ်စလင် အများစု ကက်ရှ်မီးယားဒေသဆီ ဟိန္ဒူတွေ ဝင်ရောက်နေထိုင်မှု ပိုမိုများပြားစေပြီး ဒေသအခင်းအကျင်းကို ပြောင်းလဲပစ်နိုင်မယ် မျှော်လင့်ချက်နဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။

အခု အိန္ဒိယရဲ့ လုပ်ဆောင်ချက်နောက်ပိုင်း ကက်ရှ်မီးယားဒေသမှာ ကန့်ကွက်ဆန္ဒပြတာတွေ ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly