အာဖဂန်နစ္စတန်မြို့တော်မှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၄ ဦး သေဆုံးကာ ၁၄၀ ကျော် ဒဏ်ရာရ

အာဖဂန်နစ္စတန်မြို့တော်မှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၄ ဦး သေဆုံးကာ ၁၄၀ ကျော် ဒဏ်ရာရ

ကဘူးလ်၊ သြဂုတ် ၈ ။           ။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်မှာ ရဲစစ်ဆေးရေးဂိတ်အနီး သြဂုတ် ၇ ရက်က ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၁၄ ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၄၅ ဦး ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေမှာ အရပ်သား ၉၂ ဦး ပါဝင်ကြောင်း ကဘူးလ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယ ပြည်ထဲရေးဝန်ကြီး ခိုရှဲဆာဒက်က ပြောပါတယ်။

ဖောက်ခွဲရေးပစ္စည်း အပြည့်တင်ထားတဲ့ ကားနဲ့ နံနက် ကိုးနာရီမှာ ရဲစစ်ဆေးရေးဂိတ်ကို ပစ်မှတ်ထားပြီး ဖောက်ခွဲတိုက်ခိုက်ဟန် ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နာဆရတ်ရာဟာမီက ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောထားပါတယ်။

တိုက်ခိုက်မှုဟာ နယ်မြေအတွင်း ရဲစခန်းရဲ့ လုံခြုံရေးယူထားတာကို အနှောင့်အယှက်ပြုဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တာဖြစ်တယ်လို့လည်း ရာဟာမီက ဆိုပါတယ်။

တာလီဘန်တွေက ဒီ ပေါက်ကွဲမှုဟာ ၎င်းတို့ လုပ်ဆောင်တာ ဖြစ်ပြီး ရဲစခန်းက လူသစ်စုဆောင်းရေးစင်တာကို ပစ်မှတ်ထား အသေခံတိုက်ခိုက်တာလို့ တာလီဘန်ပြောခွင့်ရသူ မူဂျာဟစ်က ပြောပါတယ်။

ခုလို တာလီဘန်ရဲ့ တိုက်ခိုက်မှု ဖြစ်ပွားပေမယ့် သတင်းစာရှင်းလင်းပွဲမှာ ဒုတိယပြည်ထဲရေးဝန်ကြီး ဆာဒက်က အစိုးရတပ်တွေရဲ့ နွေဦးထိုးစစ် ကြေညာပြီးချိန်ကစပြီး တာလီဘန်တိုက်ခိုက်ရေးသမား ၄၇၆၉ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သမ္မတရုံး ပြောခွင့်ရသူ ဆီဒက်ကီက “တာလီဘန်တွေရဲ့ အခု တိုက်ခိုက်မှုဟာ ငြိမ်းချမ်းရေးကို နည်းနည်းလေးမှ လေးစားမှု မရှိတာကို ပြသလိုက်တာပါ။”လို့ ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly