ဘူးလက်(ခ)ဦးလှဆွေကို သာသနာတော်ညှိုးနွမ်းစေမှု ဖြင့်တိုင်တန်းမှု တရားရုံး လက်ခံ

ဘူးလက်(ခ)ဦးလှဆွေကို သာသနာတော်ညှိုးနွမ်းစေမှု ဖြင့်တိုင်တန်းမှု တရားရုံး လက်ခံ

ရန်ကုန်၊ သြဂုတ်လ ၇ ။         ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်(ခ)ဦးလှဆွေကို အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးစန်းအောင်က သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တိုင်တန်းမှုအပေါ် ကျောက်တံတားမြို့နယ်တရားရုံးက လက်ခံလိုက်ကြောင်း သိရသည်။

ဦးလှဆွေသည် သြဂုတ်လ ၃ ရက်နေ့က ဆူးလေပန်းခြံအရှေ့တွင် ပြုလုပ်သော တပ်မတော်ထိပ်ပိုင်း ခေါင်း ဆောင်များအပေါ် အမေရိကန်မှ အရေးယူပိတ်ဆို့မှုများအတွက် ပြုလုပ်သည့် ကန့်ကွက်ရှုတ်ချပွဲတွင် ဟောပြော ခဲ့မှုများအတွက် အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးစန်းအောင်က သြဂုတ်လ ၇ ရက်နေ့၌ ကျောက်တံတား မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်နဲ့ဆိုင်တဲ့ ကဏ္ဍက အခုကျွန်တော်ထွက်ဆိုခဲ့တာ ဘူးလက်လှဆွေ လို့အမည်ရတဲ့ ပုဂ္ဂိုလ် ကနေ ပြီးတော့ ပရိသတ်ကိုမေးတယ်။ ဗုဒ္ဓကိုလည်း မျက်နှာဖုံးတပ်တယ်၊ အမေရိကန်သံရုံးပေါ့ ။ ခရစ်ယာန် ရဲ့ ခရစ်တော်ကိုလည်း မျက်နှာဖုံးတပ်တယ်။ ဟိန္ဒူရဲ့သျှင်ဝကိုလည်း မျက်နှာဖုံးတပ်တယ်။ မိုဟာမက်ကို ကြတော့ ဘာလို့မျက်နှာဖုံးမတပ်လဲ သိသလားဆိုတော့ အောက်ကနေပြီးတော့ ပြောကြတယ်။ သူက ပြန်ပြောတော့ ဘာသာလေးဘာသာရှိရက်သားနဲ့ ဘာဖြစ်လို့မိုဟာမက်ကို မတပ်လဲသိသလားဆိုတော့ မိုဟာမက် က အမေ ရိကန်သံရုံးကို ဗုံးလာခွဲမှာ။ အဲတော့ ညှိနှိုင်းလို့မရတဲ့ဘာသာက ဘယ်ဘာသာလဲလို့မေးတော့ အောက်က ပရိသတ်က မိုဟာမက် ဆိုပြီး ဝိုင်းအော် ကြတယ်။ အဲဒါကိုကြားရတယ် ။ မူဆလင်တွေ အများကြီး စိတ်ညစ်မှု အများကြီးဖြစ်ရတယ်။ ကမ္ဘာက မူဆလင်ရော ကျွန်တော်တို့ရော စိတ်ညစ်မှု ဖြစ်ရတယ်။ ဘာသာရေးဆိုင်ရာ စော်ကားတယ်၊ တိုက်ခိုက်တယ် လို့ကျွန်တော်ထင်တယ်” ဟု အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးစန်းအောင်က မီဒီယာများ ကိုပြောသည်။

ဦးစန်းအောင်သည် အဆိုပါကိစ္စအတွက် ဦးလှဆွေအပေါ် သာသနာတော်ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။ ထိုကိစ္စအတွက် ကျောက်တံတားမြို့နယ် တရားသူကြီးက တရားလို ဦးစန်းအောင်ကို စစ်ဆေးခဲ့ပြီး တရားခွင်တွင် မြို့နယ်တရားသူကြီးက  ရာဇဝတ်ကြီးမှုအမှတ် ၅၆၁/၂၀၁၉ လက်ခံထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စအတွက် အစ္စလာမ်ဘာသာရေးခေါင်ဆောင်  ဦးစန်းအောင်မှ တရားစွဲဆိုရာတွင် မရမ်းကုန်း မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါ တရားရုံးများမှာ ဦးလှဆွေ ဟောပြောခဲ့သည့် မြို့နယ် မဟုတ်သောကြောင့် တတိယ တရားရုံးအနေဖြင့် ကျောက်တံတား မြို့နယ်တရားရုံးတွင် ထပ်မံဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စအတွက် ဦးလှဆွေထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ထားသောကြောင့် ဆက်သွယ်မှု မရရှိခဲ့ပေ။

အမှုလျှောက်ထားမှုအပေါ် ကျောက်တံတားမြို့နယ်တရားရုံးက လက်ခံလိုက်ပြီး သြဂုတ်လ ၂၁ ရက်နေ့တွင် တရားရုံးအနေဖြင့် အမှုကို လက်ခံသင့်၊ လက်မခံသင့် ပြန်လည် ဆုံးဖြတ်မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly