မှောက်အိပ်ရတာ ကြိုက်တဲ့သူတွေ ဒါလေးတွေကို သိထားပေးပါ

မှောက်အိပ်ရတာ ကြိုက်တဲ့သူတွေ ဒါလေးတွေကို သိထားပေးပါ

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အိပ်တဲ့ပုံစံ အမျိုးမျိုးရှိတဲ့အထဲမှာမှ မှောက်အိပ်တဲ့ပုံစံကတော့ ကျန်းမာရေးနဲ့ မညီညွတ်ဆုံး အနေအထားလို့ဆိုနိုင်ပါတယ်။ လူတွေသိထားကြတာကတော့ မှောက်အိပ်ရင် ဗိုက်အောင့်ဗိုက်နာဖြစ်မယ်၊ ကိုယ်ဝန်ဆောင်တွေဆိုရင် ကလေးကို သွားပြီးထိခိုက်နိုင်တယ်ဆိုတာပေါ့။ တကယ်တော့ မှောက်အိပ်တာမှာလည်း သူ့ရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေဆိုတာ အမြဲတမ်းရှိနေတတ်တာကြောင့် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အခုဆောင်းပါးမှာ ပြောပြပေးသွားချင်ပါတယ်။
မှောက်အိပ်လို့ ဘာကောင်းကျိုးရှိလဲ။

အိပ်နေတဲ့အချိန်မှာ ဟောက်တတ်တဲ့သူတွေအတွက် ဟောက်သံထွက်တာ နည်းသွားမယ်။ အသက်ရှူကြပ်ပြီး အိပ်မပျော်ဖြစ်တဲ့သူတွေအတွက် မှောက်အိပ်ခြင်းနည်းလမ်းက အဆင်ပြေစေနိုင်ပါတယ်။ ဒါပေမယ့် ကောင်းကျိုးနည်းပြီး ဆိုးကျိုးများတာကြောင့် တစ်ရေးတမော မိနစ်အနည်းငယ်လောက်ပဲ အိပ်လို့ အဆင်ပြေပြီး ကြာရှည်အိပ်မယ်ဆိုရင်တော့ ကိုယ်ခန္ဓာအရိုးအဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။
မှောက်အိပ်တဲ့အခါ ကိုယ်ခန္ဓာအတွက် ဘယ်လိုဒုက္ခဖြစ်စေလဲ။

၁။ ပထမဆုံးအနေနဲ့ ကျောရိုးမှာ ဒဏ်စဖြစ်ပါတယ်။ မှောက်အိပ်တဲ့အခါ ကိုယ်ခန္ဓာအရိုးအဆစ်နဲ့ မွေ့ယာက တစ်သားတည်းမကျပါဘူး။ ဗိုက်ကို မှောက်ထားလိုက်တော့ တစ်ကိုယ်လုံးရဲ့ အလေးချိန်က ဒီဗိုက်ပေါ်ကို သွားပြီးသက်ရောက်ပါတယ်။ အဲ့တော့ ဗိုက်နဲ့ ဆက်စပ်နေတဲ့ ကျောရိုးမှာ ပုံမှန်တစ်ဖြောင့်တည်းမဟုတ်တော့ဘဲ အနေအထားပျက်ယွင်းကာ မနက်နိုးလာပြီဆိုရင် ညောင်းညာကိုက်ခဲခြင်းကို ဖြစ်စေပါတယ်။

၂။ ကျောရိုးက နာကျင်ကိုက်ခဲပြီဆိုရင် သူနဲ့ ဆက်စပ်နေတဲ့ လည်ပင်းရိုးတွေကိုလည်း သွားပြီး ဒဏ်ဖြစ်စေပါတယ်။ မှောက်အိပ်တဲ့သူတော်တော်များများက အသက်ရှူလို့ရအောင် ခေါင်းကို ဘယ်ဘက် သို့မဟုတ် ညာဘက်ကို စောင်းပြီး အိပ်ကြပါတယ်။ အဲ့လိုပုံစံအတိုင်း အချိန်အကြာကြီးအိပ်နေတော့ လည်ပင်းမှာရှိတဲ့ အရိုးအဆစ်တွေက ကြာလာတာနဲ့အမျှ ညောင်းညာကိုက်ခဲပြီး ဒဏ်ဖြစ်စေပါတယ်။ အဲ့တော့ ညအိပ်ချိန်ပြည့်တာတောင် မနက်နိုးလာရင် ဟိုနားက နာ၊ ဒီနားက ကိုက်နဲ့ တော်တော်လေးကို ဒုက္ခရောက်စေနိုင်ပါတယ်။

၃။ ဒီအနေအထားက မိနစ်အနည်းငယ်လောက် အိပ်ဖို့ပဲ အဆင်ပြေပြီး ကြာရှည်စွာ အိပ်မယ်ဆိုရင် အစာအိမ်ကို ဖိထားမိသလို ဖြစ်ပြီး ဗိုက်အောင့်ဗိုက်နာ ဖြစ်စေနိုင်ပါတယ်။

၄။ အရိုးအဆစ်တွေက နာကျင်ပြီးတဲ့နောက် ထုံကျဉ်သွားပါတယ်။ ထုံကျဉ်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ အသားထဲက ဆူးစူးသလို ခံစားရတာ၊ ခံစားသိရှိနိုင်စွမ်း လျော့နည်းသွားတာ၊ ကိုယ်လက်အစိတ်အပိုင်းတွေ အလုပ်မလုပ်နိုင်တော့သလို အားပျော့သွားတာတွေ ဖြစ်နိုင်ပါတယ်။

၅။ ဒီလိုအိပ်စက်ပုံအနေအထားဟာ ကလေးတွေနဲ့ လူငယ်တွေမှာ ခါးနဲ့ ကျောရိုးအဆစ်လွဲခြင်းတွေ ဖြစ်စေပြီး အနေအထားမမှန်စွာ အိပ်စက်ခြင်းကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ပြင်ကုန်းတာ၊ ခါးကိုင်းနေတာ၊ အရိုးအဆစ်မကောင်းတာတွေ ဖြစ်နိုင်ပါတယ်။

၆။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဒီလိုအိပ်စက်တဲ့ အနေအထားကို လုံးဝရှောင်ဖို့လိုအပ်ပါတယ်။ မိခင်အတွက်လည်း အဆင်မပြေစေသလို ဗိုက်ကို ဖိထားရတာဖြစ်တဲ့အတွက် အထဲက သန္ဓေသားအတွက်လည်း နေရထိုင်ရခက်စေပါတယ်။ အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျတဲ့အထိပါ ပြင်းထန်နိုင်ပါတယ်။ ကိုယ်ဝန်အစောပိုင်းကာလမှာလည်း မပေါ့သင့်ပါဘူး။

ဒါကြောင့် မှောက်အိပ်ရမှာ ကြိုက်တဲ့သူတွေဆိုရင် မှောက်လျက်နဲ့ အချိန်အကြာကြီးလုံးဝ မအိပ်ပါနဲ့။ ခဏတဖြုတ် မှေးရုံလောက်ပဲ အိပ်ပါ။ ခေါင်းအောက်မှာ ခေါင်းအုံးသေးသေးတစ်လုံး ခံပေးပါ။ ကလေးတွေ၊ လူငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် မှောက်လျက်လုံးဝမအိပ်ပါနဲ့။ ပက်လက် သို့မဟုတ် ဘေးအနည်းငယ်စောင်းတဲ့ အနေအထားပဲ အိပ်ပေးပါနော်။ မနက်နိုးလာပြီဆိုရင် အကြောအချဉ်တွေ၊ အရိုးအဆစ်တွေကို ဆန့်ပြီး အညောင်းဖြေပေးပါ။ လမ်းနည်းနည်း ထလျှောက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly