ရန်ကုန် - မော်လမြိုင်ရထားလမ်းရေကျော် ပျက်စီး၊ ရထားသွားလာခွင့် ခေတ္တပိတ်ထား

ရန်ကုန် - မော်လမြိုင်ရထားလမ်းရေကျော် ပျက်စီး၊ ရထားသွားလာခွင့် ခေတ္တပိတ်ထား
ဓာတ်ပုံ- ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး

ရန်ကုန် ၊ သြဂုတ် ၇ ။       ။ ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်း နှင်းပုလဲ နှင့် ဒုံဝန်းဘူတာအကြားရှိ ယာယီလမ်းလွှဲတာဘောင်သည် ရေတိုက်စားခြင်းကြောင့် ပြုတ်ကျလုနီးပါးဖြစ်ပြီး ရထားသွားလာခွင့်အား သြဂုတ်လ ၆ ရက်နေ့ ည ၈ နာရီခန့် မှစတင်ပြီး ပိတ်ထားခဲ့သည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်းကြောင့် တောင်ကျရေများ စီးဆင်းကာ ရထားလမ်းအား တိုက်စားခဲ့သည့်အတွက် သွားလာရန်မသင့်ခြင်းကြောင့် လမ်းပိတ်ထားခဲ့ရသည်ဟု ဘီးလင်း မြို့နယ် ရေဘေးကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ ရထားလမ်းပိုင်း ပျက်စီးခဲ့ခြင်းကြောင့် ရန်ကုန် နှင့် မော်လမြိုင် ပြေးဆွဲနေသည့် ရထား လေးစင်းသည် ကြားဘူတာများတွင် ရပ်နားထားခဲ့ရပြီး ရန်ကုန်မှ လာသည့် ရထားနှစ်စင်းသည် နှင်းပုလဲ နှင့် တောင်စွန်းဘူတာ တို့တွင် ယာယီရပ်နားထားကာ မော်လမြိုင်မှ လာသည့် ရထားနှစ်စင်းသည် သထုံဘူတာ နှင့် ပေါင်ဘူတာ တို့တွင် ရပ်နားထားခဲ့ရသည်။

ပျက်စီးသွားသည့် ရထားလမ်းပိုင်းအား တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုနေပြီး ကြားဘူတာများတွင် ပိတ်မိနေသည့် ခရီးသည်များ သွားလာရေးအတွက် ပြည်နယ်တာဝန်ရှိသူများမှ စီမံပေးနေသည်ဟု သတင်း ထုတ်ပြန်ထားသည်။

ဘီးလင်းမြစ်ရေသည် လက်ရှိတွင် စိုးရိမ်ရေမှတ်ကျော်လွန်ပြီး တစ်မြို့လုံးတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၂၈ ခု ဖွင့်လှစ်ထားကာ ရေဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ခန့်ရှိနေသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အဝါရောင်အဆင့် မုန်တိုင်းငယ် (Depression)ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း မိုဇလက ထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly