မြန်မာ့ဆက်သွယ်ရေးစနစ် လျင်မြန်ရေး ထောက်ပံ့ပေးမည့် Intelsat 39 ဂြိုဟ်တု လွှတ်တင်

မြန်မာ့ဆက်သွယ်ရေးစနစ် လျင်မြန်ရေး ထောက်ပံ့ပေးမည့် Intelsat 39 ဂြိုဟ်တု လွှတ်တင်
ဓာတ်ပုံ- Arianespac

သြဂုတ် ၇ ။         ။ မိုဘိုင်းလ်အင်တာနက်အပါအဝင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး နက်ဝပ်ခ်များအတွက် ပိုမိုလျင်မြန်စွာ ကောင်းမွန်လာမည်ဟု ပြောဆိုထားသည့် Intelsat 39 ကို  မြန်မာစံတော်ချိန် ဩဂုတ် ၇ ရက်၊ နံနက် နှစ်နာရီတွင် လွှတ်တင်နိုင်ခဲ့သည်။

အဆိုပါ ဂြိုဟ်တုကို လွှတ်တင်ခြင်းဖြင့် ကမ္ဘာပေါ်ရှိ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆက်သွယ်ရေး အော်ပရေတာများ၏ မြန်နှုန်းများကို တိုးမြှင့်ပေးနိုင်မည့်အပြင် အာဖရိကတိုက်၊ ဥရောပတိုက်၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာရှတိုက်တစ်ခွင်၌ မြန်နှုန်းမြှင့် ဗီဒီယိုဖြန့်ချိရေးဝန်ဆောင်မှုကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်ဟု  မြန်မာနိုင်ငံ၏ သတင်းအချက်အလက်၊ နည်းပညာ နှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနဘက်မှ ပြောဆိုထားသည်။

ပြင်သစ်ကုမ္ပဏီ Arianespac ၏ တောင်အမေရိကတိုက်၏ ပြင်သစ်ဂီယာနာ (French Guiana)ရှိ အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်း (Ariane Space Launch Base)မှ ဂြိုဟ်တု လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာဘက်မှ Myanmar Sat 2 အစိတ်အပိုင်းပါဝင်သည့် အဆိုပါ ဂြိုဟ်တုက်ုလွှင့်နင်ပြီး ဂြိုဟ်တု၏ လိုင်းအင်အား ၈၆၄ မဂ္ဂါဟတ်စ် (၈၆၄ MHz) ကို အသုံးပြုကာ ဆက်သွယ်ရေးနက်ဝပ်ခ်များ လျင်မြန်စေလာခြင်း ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကဲ့သို့ ကိစ္စရပ်များတွင် အလျင်အမြန်ဆက်သွယ်နိုင်ပြီး အချိန်တိုအတွင်း ပုံရိပ်အချက်အလက်၊ ဗီဒီယိုများ ပေးပို့နိုင်မည်ဖြစ်ကာ အစိုးရဝန်ကြီးဌာနများတွင် လာမည့် အောက်တိုဘာတွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်သည်။

ထို့ကြောင့် အင်တာနက်ဆက်ကြောင်းများ မရရှိသေးသော မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျားဒေသ မကျန် အချိန်တိုအတွင်း ဆက်သွယ်မှုကို ရရှိစေနိုင်ကြောင်း သိရသည်။

ယင်းဂြိုဟ်တုလွှတ်တင်ရေးအတွက် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့်ကို မြန်မာအစိုးရဘက်မှ ကျခံခဲ့ကြောင်း မြန်မာနိုင်ငံ၏ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနဘက်မှ သိရသည်။

ဂြိုဟ်တုတည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန နှင့် Intelsat ကုမ္ပဏီအကြား သဘောတူညီမှုစာချုပ်ကို ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်က စတင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ်တွင် လွှတ်တင်နိုင်ခြင်း ဖြစ်သည်။

ယခင်က မြန်မာအစိုးရအနေဖြင့် ဂြိုဟ်တုများကို အမေရိကန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့မှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ပေးကာ ငှားရမ်းအသုံးပြုနေရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly