ONE Championship ၏ အကောင်းဆုံး အမေရိကန် ကစားသမားများ

ONE Championship ၏ အကောင်းဆုံး အမေရိကန် ကစားသမားများ

ကမ္ဘာ့နိုင်ငံပေါင်းစုံမှ ကိုယ်ခံပညာရှင်များ ပါဝင်ယှဉ်ပြိုင်နေကြသည့် ONE Championship သည် အာရှ၏ အကြီးကျယ်ဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အဖွဲ့အစည်းလည်း ဖြစ်သည်။ ယင်းပြိုင်ပွဲသည် အာရှသားများကို အဓိကစင်တင်ပေးနေသည့် အဖွဲ့အစည်း ဖြစ်သော်လည်း ဥရောပ၊ အမေရိက၊ အာဖရိကစသည့် တိုက်ကြီးများမှ ကစားသမားကောင်းများလည်း အများအပြား ပါဝင် ကစားနေကြသည်။ ယင်းကစားသမား များထဲမှ အကောင်းဆုံး အမေရိကန် ကစားသမား အချို့အကြောင်း စုစည်းတင်ပြ လိုက်ရပါသည်။

၁။ Demetrious Johnson

ပြီးခဲ့သည့် ၂ဝ၁၈ အောက်တိုဘာလတွင် ONE Championship သို့ စတင်ရောက်ရှိလာသူ UFC ကမ္ဘာ့ချန်ပီယံ ၁၂ ကြိမ် ဖြစ်ဖူးသည့် အမေရိကန်သား Demetrious “Mighty Mouse” Johnson သည် ပွဲဦးထွက်တွင်ပင် ၎င်း၏ စွမ်းရည်ကို ပြသနိုင်ခဲ့သူ ဖြစ်သည်။ UFC ဖလိုင်းဝိတ်တန်းတွင် ချန်ပီယံဖြစ်ခဲ့ပြီးနောက် ခြောက်နှစ်အတွင်း ချန်ပီယံကာကွယ်ပွဲ ၁၁ ပွဲ ဆက်တိုက် အနိုင်ယူခဲ့သူ Johnson သည် ဂျပန်ကစားသမား Yuya Wakamatsu ကို ဒုတိယအချီ၌ မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူကာ ပွဲထွက်လှခဲ့သည်။ အသက် ၃၂ နှစ် အရွယ်ရှိသူ  Johnson သည် ၎င်း၏ ဝိတ်တန်းတွင် ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ်လည်း သတ်မှတ်ခြင်း ခံထားရသူ ဖြစ်သည်။

အကြားအာရုံ ချို့တဲ့သည့် မိခင်နှင့် ရိုက်နှက်ဆုံးမတတ်သည့် ပထွေးတို့ လက်ထဲတွင် ကြီးပြင်းလာရသော Johnson သည် ၎င်း၏ ဘဝကို စိတ်မပျက်ဘဲ ငယ်စဉ်ကတည်းက အားကစား ထူးချွန်သူ ဖြစ်အောင် ကြိုးစားခဲ့သည်။ ပြည်နယ်အဆင့် နပမ်းပြိုင်ပွဲတွင် ဒုတိယဆု ရရှိပြီးသည့်နောက် Johnson သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကထဲ စတင် ဝင်ရောက်ခဲ့သည်။ Johnson သည် ကြိုးဝိုင်းထဲတွင်လည်း အံ့ဖွယ် အစွမ်းပြနိုင်ခဲ့သည်။ ကစားသမား ဘဝတစ်လျှောက် ပွဲပေါင်း ၃၂ ပွဲ ကစားခဲ့ရာတွင် ၃ ပွဲသာ ရှုံးနိမ့်ခဲ့ကာ UFC သမိုင်းတွင် ချန်ပီယံ ကာကွယ်ပွဲ အများဆုံး အနိုင်ရသည့် ကစားသမား ဖြစ်ခဲ့သည်။ ထို့ကြောင့် နယ်မြေသစ် ဖြစ်သည့် ONE Championship တွင်လည်း အောင်မြင်မှုများ ထပ်မံရယူရန် အားခဲထားသူ ဖြစ်သည်။

 ၂။ Garry Tonon

ဘရာဇီး ဂျူဂျစ်ဆု ပြိုင်ပွဲများတွင် ကမ္ဘာ့ချန်ပီယံ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးသူ Garry “The Lion Killer” Tonon သည် ONE Championship ၏ အကောင်းဆုံး အမေရိကန် ကစားသမားများထဲမှ တစ်ဦးဖြစ်သည်။ Tonon သည် Eddie Bravo ဂျူဂျစ်ဆု ပြိုင်ပွဲတွင် ချန်ပီယံ ၅ ကြိမ် ဖြစ်ခဲ့သလို IBJJF နှင့် ပန်ခရိယ နပမ်းပြိုင်ပွဲများတွင်လည်း ချန်ပီယံဆုများ ဆွတ်ခူးခဲ့ဖူးသည်။ ဂျူဂျစ်ဆု နည်းပြများထဲတွင် ထင်ရှားသူ တစ်ဦးဖြစ်သည့် John Danaher ၏ အထူးလေ့ကျင့် ပေးခြင်းကိုခံခဲ့ရသော လက်စွမ်းထက် လူငယ်တစ်ဦး ဖြစ်ခဲ့ပြီး ၎င်းကဲ့သို့ လူငယ်များ စုစည်း ထားသည့် အဖွဲ့ကို “Danaher ၏ သေမင်းတပ်ဖွဲ့”ဟု ပင် တင်စားခေါ်ကြသည်။

Tonon သည် ကလေးဘဝက အာရုံစူးစိုက်နိုင်မှု မူမမှန်သည့် ဝေဒနာကို ခံစားခဲ့ရဖူးသူ ဖြစ်သော်လည်း မိခင်ဖြစ်သူ၏ ပြုစု ပျိုးထောင် ပေးမှုကြောင့် ပုံမှန်ဘဝကို ပြန်လည်ရရှိ ခဲ့သည်။ Tonon ၏ မိခင်သည် NGO တစ်ခုတွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သောကြောင့် ၎င်း၏ မူမမှန်မှုကို စောစီးစွာ ရိပ်မိခဲ့သည်။ ယင်းဝေဒနာကို ကုစားရန်အတွက် ကိုယ်ခံပညာရပ်များကို လေ့လာ လိုက်စား ခဲ့ရာမှ Tonon သည် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာခဲ့ခြင်းလည်း ဖြစ်သည်။ ဂျူဂျစ်ဆု ကစားသမား ဘဝဖြင့် ဆုတံဆိပ် များစွာ ဆွတ်ခူးပြီးနောက် ကိုယ်ခံပညာ သိုင်းပေါင်းစုံ လောကထဲ ဝင်လာသည့်အခါ ပထမဆုံး ကစားသည့် ၅ ပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီး ရှုံးပွဲမရှိ သေးသည့် ကစားသမားလည်း ဖြစ်သည်။

၃။ James Nakashima

အမေရိကန် နိုင်ငံမှ LFA ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲတွင် ဝယ်လ်တာဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့သူ James Nakashima သည်လည်း ကစားသမား ဘဝတစ်လျှောက် ရှုံးပွဲလုံးဝ မရှိသေးသည့် ကစားသမား ဖြစ်သည်။ ဖခင်ဖြစ်သူ၏ မြေတောင်မြှောက် ပေးမှုကြောင့် အသက် ၇ နှစ် အရွယ်ကတည်းက နပမ်း အားကစားကို သင်ယူခဲ့သူ Nakashima သည် လူငယ်ဘဝ တစ်လျှောက် ယင်းအားကစား ကိုသာ အရူးအမူး စွဲလမ်းခဲ့သည်။ တက္ကသိုလ် ကျောင်းသားဘဝ ရောက်သည့်အခါ နပမ်း အားကစား တစ်မျိုးတည်း ကိုသာမက ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား ဘက်သို့ပါ ကူးပြောင်း စိတ်ဝင်စား ခဲ့သည်။

ဘွဲ့ရပြီးသည့် နောက်တွင် လေ့ကျင့်ရေးကို ပိုမိုအချိန်ပေး လုပ်ဆောင်နိုင်ရန် အရီဇိုးနား ပြည်နယ်မှ နာမည်ကျော် MMA Lab အားကစားရုံသို့ သွားရောက် လေ့ကျင့်ခဲ့သည်။ အပျော်တမ်း ဘဝဖြင့် အနောက်တိုင်း လက်ဝှေ့၊ မွေထိုင်းနှင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲများတွင် အစွမ်းပြခဲ့ပြီးနောက် ၂ဝ၁၅ တွင် ပရော်ဖက်ရှင်နယ် ဘဝသို့ ကူးပြောင်းခဲ့သည်။ ပွဲဦးထွက် ၉ ပွဲဆက်တိုက် အနိုင်ရကာ ရှုံးပွဲမရှိ စံချိန်ကို ထိန်းထားသူ Nakashima ကို ONE Championship က မျက်စိကျကာ ခေါ်ယူခဲ့ပြီးနောက် ONE တွင်လည်း နှစ်ပွဲ ဆက်တိုက် အနိုင်ရခဲ့သည်။

၄။ Tyler Mcguire

Extreme Challenge နှင့် Excite Fight ပြိုင်ပွဲများတွင် ဝယ်လ်တာဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့သူ Tyler Mcguire သည်လည်း ONE Championship ၏ အမေရိကန် ကစားသမား များထဲတွင် အကောင်းဆုံး တစ်ဦး ဖြစ်သည်။ အမေရိကန် နိုင်ငံ၊ အိုင်အိုဝါ ပြည်နယ်၊ မောင့်ပလဲဆန့် ဒေသတွင် မွေးဖွားခဲ့သူ Mcguire သည် အလုပ်ကြမ်းသမား မိသားစုမှ ပေါက်ဖွားလာသူ ဖြစ်ပြီး ငယ်စဉ်က လယ်ယာ လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ဖူးသည်။ ဖခင်ဖြစ်သူ၏ သင်ကြားပြသပေးမှုအောက်တွင် ငယ်စဉ်ကတည်းက တိုက်ကွမ်ဒို ပညာ ကျွမ်းကျင်ခဲ့ကာ ကိုယ်ခံပညာရှင် တစ်ဦးဖြစ်ရန် အုတ်မြစ် ချပေးခြင်း ခံခဲ့ရသည်။

ကျောင်းဆရာ တစ်ဦးအဖြစ်လည်း အသက်မွေးခဲ့ဖူးသူ Mcguire သည် အပျော်တမ်း ကစားသမား ဘဝဖြင့် ကြိုးဝိုင်းအတွင်း လက်စွမ်းပြနိုင်ခဲ့သဖြင့် ပရော်ဖက်ရှင်နယ် ဘဝသို့ကူးပြောင်းရန် ဆုံးဖြတ်ခဲ့သည်။ အမေရိကန်မှ COTC၊ Excite Fight နှင့် RWE ပြိုင်ပွဲများတွင် ပွဲပေါင်း ၁ဝ ပွဲ ကစားခဲ့ရာ တစ်ပွဲမှ မရှုံးခဲ့ဘဲ ပွဲတိုင်းဆက်တိုင် အနိုင်ရခဲ့သည်။ ထို့ကြောင့် ONE Championship သို့ ၂ဝ၁၈ တွင် ရောက်ရှိလာခဲ့ပြီး ပွဲဦးထွက် ပွဲကိုလည်း အနိုင်ရခဲ့သည်။ နောက်ဆုံး ကစားခဲ့သည့် ပွဲတွင်မှ လက်ရှိ ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ Zebaztian Kadestam ကို ချန်ပီယံ ခါးပတ်လုရင်း ရှုံးနိမ့်ခဲ့ရသူ ဖြစ်သည်။

၅။ Lowen Tynanes

Lowen Tynanes သည် ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတွင် ရှုံးပွဲလုံးဝ မရှိသေးသည့် နောက်ထပ် ONE Championship ကစားသမား တစ်ဦး ဖြစ်သည်။ အမေရိကန် နိုင်ငံ၊ ဟာဝိုင်ယီကျွန်းတွင် မွေးဖွားခဲ့သူ Tynanes သည် KOTC ပြိုင်ပွဲတွင် ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ဖူးသည်။ Tynanes ၏ ဖခင်သည်လည်း ဟဲဗီးဝိတ်တန်းတွင် ကစားနေသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား တစ်ဦးဖြစ်သဖြင့် ဖခင်ကို အားကျပြီး အားကစားသမား ဖြစ်လာခဲ့သူဟု ဆိုနိုင်သည်။ ကျောင်းသား ဘဝ ကတည်းက အနောက်တိုင်း လက်ဝှေ့နှင့် နပမ်း ပညာရပ်များကို ကျွမ်းကျင်ခဲ့သူ Tynanes သည် ပြည်နယ် ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ် လောကထဲ ဝင်လာခဲ့သည်။

Tynanes သည် ၂ဝ၁၁ တွင် ၎င်း၏ပထမဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံပွဲကို ဂျပန်နိုင်ငံတွင် ကစားခဲ့သည်။ ၎င်းသည် ONE Championship တွင် လိုက်ဝိတ်တန်း ချန်ပီယံ ဖြစ်ဖူးသည့် Eduard Folayang ကိုလည်း ဖိလစ်ပိုင် URCC ပြိုင်ပွဲတွင် အနိုင်ရခဲ့ ဖူးသည်။ ထို့ကြောင့် ONE Championship ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရကာ ၂ဝ၁၃ ခုနှစ် ကတည်းက ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင် နေခဲ့သူ ဖြစ်သည်။ Tynanes ၏ ကစားသမား ဘဝတစ်လျှောက် ပွဲပေါင်း ၁ဝ ပွဲ ကစားခဲ့ရာတွင် တစ်ပွဲမှ မရှုံးခဲ့ဘဲ ပွဲတိုင်း အနိုင်ရသည့် စံချိန်ကို ရရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly