မုန်တိုင်းအရှိန်ကြောင့် မြန်မာကမ်းရိုးတန်းဒေသများတွင် မိုးရွာသွန်းမည်

မုန်တိုင်းအရှိန်ကြောင့် မြန်မာကမ်းရိုးတန်းဒေသများတွင် မိုးရွာသွန်းမည်
ဓာတ်ပုံ-ဦးထွန်းလွင် ဖေ့ဘွတ်ခ်

သြဂုတ် ၇ ။            ။ သြဂုတ် ၇ ရက်နေ့ ၊ နံနက် လေးနာရီ၊ တိုင်းတာချက်များအရ မုန်တိုင်းငယ် BOB/03/2019 သည် အိန္ဒိယနိုင်ငံအရှေ့မြောက် Orissa and West Bengal ပြည်နယ်ကမ်းခြေကို စတင်ဖြတ်သန်းပြီး မြန်မာနိုင်ငံသို့ မုန်တိုင်းအရှိန် ရိုက်ခတ်မှု ရှိနိုင်သည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ရခိုင်ကမ်းရိုးတန်းတွင် လေပြင်းများ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၅ ပေခန့်ရှိနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာသောကြောင့် သြဂုတ် ၆ ရက်နေ့ ညပိုင်းက မုန်တိုင်းငယ် BOB/03/2019 အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

မုန်တိုင်းအရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအား ကောင်းကာ မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများတွင် ၂၄ နာရီ  မိုးများ နေရာအနှံ့ အပြား ရွာသွန်းနိုင်ပြီး မိုးသက်လေပြင်း တိုက်ခတ်နိုင်သည်။

ယင်းမုန်တိုင်းငယ်သည် အနောက်ဖက်သို့ ဆက်လက်ရွေ့လျှားကာ ယနေ့ နေ့လယ်ပိုင်းတွင် အိန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားမည်ဟု ခန့်မှန်းရသည်။

Update -ယနေ့ သြဂုတ် ၇ ရက်နေ့ ညနေအထိ မိုးဇလ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်းတွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းတွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်သည်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်း ပြည့် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly