တပ်မတော်ကို အစိုးရလက်အောက်ရောက်ရန် လုပ်ဆောင်သင့်ကြောင်း နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင် အကြံပြု

တပ်မတော်ကို အစိုးရလက်အောက်ရောက်ရန် လုပ်ဆောင်သင့်ကြောင်း နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင် အကြံပြု

ရန်ကုန် ၊ သြဂုတ် ၆ ။            ။ တပ်မတော်အား အရပ်ဘက်အစိုးရ၏ ထိန်းချုပ်မှုနှင့် ကြီးကြပ်မှုအောက်သို့ ရောက်ရှိအောင် အစိုးရအနေဖြင့် လုပ်ဆောင်သင့်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေး မစ်ရှင်က အကြံပြုတိုက်တွန်းထားသည်။

သြဂုတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် အဆိုပါ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အကြံပြု ချက်များထဲတွင် မြန်မာနိုင်ငံအစိုးရသို့ လိပ်မူပြီး အထက်ပါအတိုင်း အကြံပြုထားခြင်းဖြစ်သည်။

အကြံပြုချက်များထဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီး လိုအပ်သည့် ဥပဒေများ မူဝါဒများကို အတည် ပြုကာ တပ်မတော်အား အရပ်ဘက်အစိုးရ၏ ထိန်းချုပ်မှုနှင့် ကြီးကြပ်မှုအောက်သို့ အပြည့်အစုံရောက်ရှိရန် လုပ်ဆောင်သင့်သည်ဟု ပါရှိသည်။

ယင်းသို့လုပ်ဆောင်ပြီးပါက တပ်မတော်အား ပြန်လည်ဖွဲ့စည်းကာ တပ်မတော်သုံးစွဲခွင့်ရှိသည့် ရန်ပုံငွေများ အားလုံးကို လွှတ်တော်၏ ထောက်ခံချက်ဖြင့်သာ ခွင့်ပြုသင့်ကြောင်း ၊ လွှတ်တော်၏ ထိန်းချုပ်မှု အောက်တွင် မရှိသည့် တပ်မတော်၏ ဝင်ငွေများအားလုံးကို တားမြစ်သင့်ကြောင်း အကြံပြုထားသည်။

ထိုသို့ အစိုးရမှ ဆောင်ရွက်နေသည့် ကာလအတွင်း တပ်မတော်ထိပ်သီးခေါင်းဆောင်များပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက် (MEHL) ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့အပါအဝင် ယင်းတို့ နှင့် ဆက်စပ်နေသည့် လုပ်ငန်းများ အားလုံး၏ အခွန်ဆောင်ထားမှု အခြေအနေ ၊ ဘဏ္ဍရေးစည်းမျဉ်းများ ၊ အချက်အလက်များကို အများပြည်သူသိရှိအောင် ထုတ်ဖော်ပြောကြားသင့်သည်ဟု အချက်အလက် ရှာဖွေရေးမစ်ရှင်က အစိုးရအား အကြံပြုထားသည်။

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့အထီးကျန်စေခြင်းနှင့် မြန်မာနိုင်ငံရှိ တခြားစီးပွားရေး လုပ်ငန်း များကို မြှင့်တင်ပေးရန် စသည့် အချက်နှစ်ချက်ကို ကိုင်စွဲကာ “တပ်မတော်ကို မြန်မာ့စီးပွားရေးဘဝ ကနေ ဖယ် ရှားရန် လုပ်ရပ်နှစ်ရပ်ကို ပြိုင်တူလုပ်ဆောင်ရမယ်” ဟု အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ဥက္ကဋ္ဌ ဖြစ်သူ မာဇူကီးဒါရုစမန်းက ပြောဆိုခဲ့သည်။
ယခု ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာကို စက်တင်ဘာတွင် ကျင်းပမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တင်သွင်းသွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly