စံချိန်တင်မြင့်တက်နေသည့် ရွှေစျေး ပြန်ကျနိုင်ဖွယ်မရှိသေးဟုဆို

စံချိန်တင်မြင့်တက်နေသည့် ရွှေစျေး ပြန်ကျနိုင်ဖွယ်မရှိသေးဟုဆို

ရန်ကုန် ၊ သြဂုတ် ၆ ။              ။ စံချိန်တင်မြင့်တက်နေသည့် ရွှေစျေးမှာ ပြန်လည်ကျဆင်းလာနိုင်ခြေ မရှိသေးကြောင်း  မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးကျော်ဝင်းက မဇ္စျိမကိုပြောသည်။

သြဂုတ်လ ၆ ရက်နေ့မနက်ပိုင်း ပြည်တွင်းရွှေအဖွင့်စျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁ သိန်း ခြောက်သောင်းရှစ်ထောင် အထိရှိခဲ့ပြီး ပထမဆုံးစံချိန်တင် မြင့်တက်လာခဲ့သည့် စျေးနှုန်းလည်း ဖြစ်သည်။

“တကယ်လို့ ကမ္ဘာ့ရွှေစျေးအတိုင်း ဒီမှာဖြစ်မယ်ဆိုရင် ၁၁ သိန်း ရှစ်သောင်းကျော်၊ ကိုးသောင်းလောက်ရှိမယ်။ အခုက ၁၁ သိန်း ခြောက်သောင်း ခုနစ်ထောင်၊ ရှစ်ထောင်လောက်ပဲ ရှိနေတာ။ ကမ္ဘာ့ရွှေစျေးထက်ကို အများ ကြီးနိမ့်နေတယ်။ လောလောဆယ်တော့ ကျဖို့ မမြင်သေးဘူး။ ပြည်သူတွေက ရွှေကို စျေးကြီးကြီး ပေးဝယ် ရတာပေါ့။ အမှန်က အန်ကယ်တို့ကတော့ မတက်စေချင်ဘူး။ ရွှေစျေးတက်တော့ ရွှေဆိုင်တွေလည်း အရောင်း အဝယ်မကောင်းဘူး” ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင် ကမ္ဘာ့ရွှေစျေးနှုန်းသည် တစ်အောင်စလျှင် ၁၃၈၄ ဒေါ်လာဖြစ်နေချိန်၌ ပြည်တွင်းရွှေစျေးနှုန်းသည် အခေါက်ရွှေ တစ်ကျပ်သားလျှင်ကျပ် ၁၁သိန်းကျော်သာရှိခဲ့ပြီး ကမ္ဘာ့ရွှေ စျေးနှုန်း ဆက်လက်မြင့်တက်လာချိန်တွင် ပြည်တွင်းရွှေစျေးနှုန်းလည်း ဆက်လက်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာ့ရွှေစျေးထက်ကို အများကြီးနိမ့်နေတယ်။ အန်ကယ်ကတော့ ဒီလိုပဲ အခြေအနေကို တွက်ကြည့်ရမှာပေါ့။ မတတ်နိုင်ဘူး။ ထပ်ပြီး စျေးကို နှိမ့်ချဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ လက်ရှိအခြေအနေက။ တကယ်လို့သာ ကမ္ဘာ့ ရွှေစျေးနဲ့ တွက်လိုက်တယ်။ အခုပြည်တွင်းရွှေစျေးက ၁၂ သိန်းလောက် ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ အန်ကယ်တို့ ထသင့်ရင် ထရမယ်ပေါ့။ ဒီအသင်းသူအသင်းသားတွေကို အန်ကယ်တို့ ပြောသင့်ရင် ပြောရ မှာပေါ့။ အခုက ဟိုဘက်က စျေးနဲ့ဆိုရင် ဒီမှာက တော်တော်လေးတောင် နိမ့်နေသေးတယ်ဆိုတော့ အန်ကယ်က စျေးကွက်အလိုက်ပဲ ဖြစ်သင့်တာ ဖြစ်နေတာဆိုတော့ သိပ်ဝင်စွက်ဖက်ပြောဖို့တော့ မသင့် တော်ဘူးပေါ့” ဟု ဦးကျော်ဝင်းက ဆက်ပြောသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေစျေးနှုန်းသည် ပြည်တွင်းရွှေစျေးနှုန်းထက် ကျပ်တစ်သောင်းကျော် မြင့်တက်နေပြီး ဆက်လက်မြင့်တက်ဖွယ်ရှိသောကြောင့် ပြည်တွင်းရွှေစျေးနှုန်းမှာ ကျဆင်းနိုင်သည့် အခြေအနေ မရှိကြောင်းမြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly