အာဖရိက ဝက်အပြင်းဖျားရောဂါ (ဝက်တုပ်ကွေး)ကြောင့် မြန်မာပြည်တွင်းသို့ အသားတင်သွင်းခွင့်ပိတ်ထား

အာဖရိက ဝက်အပြင်းဖျားရောဂါ (ဝက်တုပ်ကွေး)ကြောင့် မြန်မာပြည်တွင်းသို့ အသားတင်သွင်းခွင့်ပိတ်ထား
Photo - EPA

ရန်ကုန်၊ သြဂုတ်လ ၆ ။        ။ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် အာဖရိကဝက်အပြင်းဖျားရောဂါ (ဝက်တုပ်ကွေး) ကြောင့် မြန်မာပြည်နယ်စပ် တွင်အသားတင်သွင်းခွင့်ကို ပိတ်ပင်ထားကြောင်း တိရစ္ဆာန်ဆေးကု နှင့်သားသတ်ရုံဌာနမှဌာနမှူး ဦးမင်းအောင် က မီဒီယာများကိုပြောသည်။

"အာဖရိကဝက်အပြင်းဖျား ရောဂါဆိုတာ တရုတ်ပြည်မှာပဲ အဖြစ်များပါတယ်။ အဲဒီကပဲ စဖြစ်ပြီးတော့ ယူနန် နားထိ ရောက်နေပြီလို့ သတင်းလေးတော့ရပါတယ်။အဲဒီအတွက်ကြောင့် မွေးမြူရေး နှင့် ကုသရေး ဌာနက နယ်စပ်မှာရှိတဲ့ အသားတင်သွင်းခွင့် အားလုံးကို ပိတ်ပင်ထားပါတယ်။ကျွန်တော်တို့ ယနေ့ အချိန်ထိ မြန်မာ နိုင်ငံထဲကို ရောက်ရှိတယ်လို့ ကျွန်တော်တို့မကြားမိသေးပါဘူး။

ဒီအတွက်လည်း ကြိုတင် ပြင်ဆင် ထားပါ တယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်သားသတ်ရုံဌာနမှ ဌာနမှူး ဦးမင်းအောင် က မီဒီယာများကိုပြောသည်။

သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊မြို့တော်ခန်းမတွင်  ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် မီဒီယာများတွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွင် တိရစ္ဆာန်ဆေးကု နှင့် သားသတ်ရုံဌာနမှ ဌာနမှူး ဦးမင်းအောင် ကပြောခဲ့ခြင်း ဖြစ်သည်။

"နေ့စဉ်အသားထုတ်လုပ်တဲ့အပေါ်မှာလည်း ဒီဟာအပေါ်မူတည်ပြီး စစ်ဆေးပါတယ်။ဒီရောဂါက ရောက်တာနဲ့ ခြံလိုက်ဖြစ်တဲ့ ရောဂါမျိုး ဖြစ်တဲ့အတွက်သိသာထင်ရှားတဲ့ အနေအထား ရှိပါတယ်။တစ်ကောင်ချင်းစီ ဖြစ်တဲ့ အနေအထားမဟုတ်ပါဘူး။ နယ်မြေလိုက်ဝက်ခြံ အလိုက် သေသွား တဲ့အနေအထားမျိုးဖြစ်ပါတယ်။ ရန်ကုန်မြို့ ကိုလုံးဝ မရောက်ရှိသေးပါဘူး " ဟု ဦးမင်းအောင်က ဆက်ပြောသည်။

တိရစ္ဆာန်ဆေးကု နှင့်သားသတ်ရုံဌာနအနေဖြင့် ရန်ကုန်မြို့တွင် ရွာသာကြီးဝက်သားထုတ်လုပ်ရေးရုံ နှင့် အင်းစိန်ရွာမဝက်သားထုတ်လုပ်ရေးရုံတို့မှ ဝက်သားများကို ထုတ်လုပ်နေခြင်း ဖြစ်သည်။ ရွာသာကြီး ဝက်သား ထုတ်လုပ်သည့်ရုံမှ တစ်နေ့လျှင် ဝက်အကောင်ရေ ၄၅၀ နှင့် ၅၅၀ ကြားထုတ်လုပ်နေပြီး အင်းစိန်ရွာမ ဝက်သား ထုတ်လုပ်သည့်ရုံမှ ဝက်အကောင်ရေ ၉၀၀ နှင့် ၁၀၀၀ ကြား ထုတ်လုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တရုတ်နိုင်ငံအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ဖြစ်ပွားမှုကြောင့် မြန်မာ၊ လာအို ၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံတို့သည် ရောဂါ ကူးစက်နိုင်မှု အန္တရာယ်အများဆုံး ဖြစ်နိုင်သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က သတ်မှတ်ထားရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံမှ လွှဲ၍ကျန်ရှိနေသည့် နိုင်ငံများတွင်အဆိုပါရောဂါကို ဖြစ်ပွားနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly