နာဂလက်နက်ကိုင် NSCN(K) ယာယီသမ္မတဦးယုံအောင်အား အမြဲတမ်း ဥက္ကဋ္ဌအဖြစ် ခန့်အပ်

နာဂလက်နက်ကိုင် NSCN(K) ယာယီသမ္မတဦးယုံအောင်အား အမြဲတမ်း ဥက္ကဋ္ဌအဖြစ် ခန့်အပ်

စစ်ကိုင်း၊ သြဂုတ် ၆ ။        ။ နာဂလက်နက်ကိုင် NSCN(K) ယာယီ သမ္မတဦးယုံအောင်အား အမြဲတမ်း ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူး ဂျိုးဇက်က မဇျ္စိမသို့ ပြောသည်။

ယင်းသို့ အမြဲတမ်း သမ္မတအဖြစ်ခန့်အပ်လိုက်ခြင်းအတွက် သြဂုတ်လ ၅ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

" အရင်က နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီမှာ ဦးယုံအောင်ကို ယာယီ သမ္မတအနေနဲ့ အတည်ပြုခဲ့တယ် အခုကျတော့ အမြဲတမ်းသမ္မတ ဥက္ကဋ္ဌအဖြစ် အတည်ပြုလိုက်တယ်” ဟု NSCN(K) သတင်းပြန်ကြားရေးမှ ဗိုလ်မှူး ဂျိုးဇက်က ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ၏ ဖွဲ့စည်းပုံဥပဒေအရ NSCN/ GPRN၏ ပါတီများအဖွဲ့ဝင်များ အားလုံးက သဘောတူထောက်ခံသည့်အတွက် သြဂုတ်လ ၅ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ဖြင့် ယာယီသမ္မတအား အမြဲတမ်း သမ္မတအဖြစ် ခန့်အပ်လိုက်ကြောင်း ဖော်ပြထားသည်။

ယခုလက်ရှိ NSCN(K)၏ ထိပ်သီးခေါင်းဆောင် (၅)ဦးအား တပ်မတော်မှ မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် တရားဆိုထားသဖြင့် ခန္တီးမြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေသည်။

NSCN ကို ၁၉၈၀ ဇန်နဝါရီ ၃၁ ရက်နေ့တွင် စတည်ထောင်ခဲ့ပြီး စတင်တည်ထောင်ခဲ့သည့် ခေါင်းဆောင် များမှာ Isak Chisiswu (အီဆတ်)  Thuingaleng Muivah (မွေဘတ်) နှင့် S S Khaplang (ကက်ပလန် ) တို့ဖြစ် ကြသည်။ ၁၉၈၈ ဧပြီလကုန်ပိုင်းတွင် NSCN နှစ်ဖွဲ့ကွဲသွားပြီး ဥက္ကဋ္ဌ အီဆတ် (Isak ) အတွင်းရေးမှူး မွေဘတ် ( Muivak ) ဦး ဆောင်သောအဖွဲ့အား NSCN( IM )အဖြစ်လည်းကောင်း ဥက္ကဋ္ဌ ကက်ပလန် ခေါင်းဆောင်သော အဖွဲ့အား NSCN( K) ဟုလည်းကောင်း ခွဲခြားခဲ့သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly