မြစ်ရေတိုးမှုကြောင့် ကရင်နှင့် မွန်တို့တွင်တစ်ရက်အတွင်း လူထောင်ကျော်ရေဘေးရှောင်ရ

မြစ်ရေတိုးမှုကြောင့် ကရင်နှင့် မွန်တို့တွင်တစ်ရက်အတွင်း လူထောင်ကျော်ရေဘေးရှောင်ရ
ဓာတ်ပုံ- Saw Chaint Phaung

ရန်ကုန်၊ သြဂုတ် ၆ ။        ။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေတိုးလာမှုများကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိနေရာအချို့တွင် တစ်ရက်အတွင်း လူပေါင်းထောင်ကျော် ရေဘေးရှောင်နေရကြောင်း ဒေသခံအာဏာပိုင် အဖွဲ့အစည်းများထံမှ သိရသည်။

သြဂုတ်လ ၅ ရက်နေ့မှစတင်ကာ မိုးရွာသွန်းမှုများကြောင့် ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ကျိုက်ထိုမြို့တို့တွင် လူဦးရေ ၂၄၈၇ ဦးနှင့် မွန်ပြည်နယ် ဘီးလင်း မြို့တွင် လူဦးရေ ၁၈၈၃ ဦး၊ စုစုပေါင်း ၄၃၇၀ ဦးတို့မှာ ရေဘေးရှောင်နေရခြင်းလည်းဖြစ်သည်။

ထို့အပြင် လက်ရှိအခြေအနေအရ ကရင်ပြည်နယ်အတွင်းရှိ သံလွင်မြစ်၊ ဇမိမြစ်၊ သောင်ရင်းမြစ်တို့မှာ ၎င်းတို့မြစ်အသီးသီး၏ စိုးရိမ်ရေ အမှတ်အထက်ကို ကျော်လွန်နေကြကြောင်းလည်းသိရသည်။

“ဒီရေကိုပြန်ကြည့်မယ်ဆိုရင်ပေါ့နော်။ မိုးသာအရမ်းကြီးမရွာဘူးပေါ့။ ထူးထူးခြားခြားဖြစ်မလာဘူးဆိုရင် ပင်လယ်ထဲမှာက ဒီရေကျချိန် ဒီတစ်ပတ်ကဆိုတော့ ပင်လယ်ကရေစုပ်နိုင်တယ်။ ဒါပေမယ့် နောက်တစ်ပတ် လိုဟာမျိုးမှာဆိုရင်တော့ ဒီရေတက်ချိန် ပင်လယ်ထဲမှာ ကျွန်တော်တို့က နောက်တစ်ပတ်ကို ပိုစိုးရိမ်တယ်” ဟု ရေကြီးမှုအခြေအနေနှင့် ပတ်သက်၍ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး စောဘိုဘိုကပြောသည်။

အလားတူ ဘီးလင်းမြို့နယ်တွင်လည်း ဘီးလင်းမြစ်ရေမှာ ၎င်း၏စိုးရိမ်ရေအမှတ်ဖြစ်သည့် ၁၀၂၂ စင်တီမီတာ အမှတ်သို့ရောက်ရှိရန် ၇ စင်တီမီတာသာလိုတော့ ကြောင်းလည်း သိရသည်။

ထို့ကြောင့် ဘီးလင်းမြို့နယ်ရှိ ရပ်ကွက် (၄) ခုနှင့် ကျေးရွာအုပ်စု (၆) ခုမှ လူနှစ်ထောင်ခန့်မှာ ရေဘေးရှောင် စခန်း (၁၉) ခုထဲတွင် ခိုလှုံနေရပြီး ရေဘေးဒုက္ခသည်များလည်း ဆက်လက်တိုးလာနေသေးကြောင်း ကွပ်ကဲရေးရုံး တာဝန်ရှိသူများကဆိုသည်။

ဘီးလင်းတွင်ရေကြီးရေလျှံမှုကို နှစ်စဉ် ကြုံတွေ့ရခဲ့ရပြီး ၂၀၁၈ ခုနှစ်အတွင်းက အဝေးပြေးလမ်းမများ ခေတ္တ ပိတ်လိုက်ရသည်အထိ ရေဘေးကြုံခဲ့ကာ ရေဘေးကယ်ဆယ်ရေးစခန်း ၄၃ ခုအထိ ဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။

အဆိုပါအခြေအနေများကြောင့် ဘီးလင်းမြို့နယ်ရှိ ကွပ်ကဲရေးရုံးမှ အရေးပေါ်အကူအညီလိုအပ်ပါက ဆက်သွယ်ရန် ဖုန်းနံပတ် (09426613331၊ 09897928054) များကိုလည်း ထုတ်ပြန်ပေးထားပြီး အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ကြေညာထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly