ခွဲမွေးထားတဲ့ မေမေတို့အတွက်ချုပ်ရိုးမြန်မြန်သက်သာစေမယ့် နည်းလမ်းအချို့

ခွဲမွေးထားတဲ့ မေမေတို့အတွက်ချုပ်ရိုးမြန်မြန်သက်သာစေမယ့် နည်းလမ်းအချို့

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ဘေဘီလေးကိုမွေးဖွားမှုက မေမေတို့ရဲ့ဘဝတလျှောက်မှာ အကြီးမားဆုံးသော စွန့်စားမှုကြီးကိုလုပ်ဆောင်တာပါပဲ။ ဒီလိုမွေးဖွားမှုထဲမှာမှ ခွဲမွေးထားတဲ့ မေမေတို့ဆိုရင် ဘေဘီလေးကို ဂရုစိုက်ရသလို ချုပ်ရိုးသက်သာစေဖို့အတွက်လည်းဂရုစိုက်ရပါသေးတယ်။ ဘေဘီလေးကို ခွဲမွေးထားတဲ့မေမေတို့အတွက် ချုပ်ရိုးကို မြန်မြန်သက်သာစေဖို့ ဒီဆောင်းပါးလေးကနေ နည်းလမ်းလေးတွေပြောပြမယ်နော်။
ချုပ်ရိုးသက်သာစေမယ့်နည်းလမ်းကောင်းအချို့

ဘေဘီလေးကို ခွဲမွေးထားတဲ့မေမေတို့အနေနဲ့ ချုပ်ရိုးမြန်မြန်သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အကောင်းဆုံးအထောက်အပံ့ဖြစ်စေမှာပါ။

လမ်းလျှောက်ပေးပါ

လမ်းလျှောက်တာက စိတ်ရောကိုယ်ပါကျန်းမာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ လမ်းပုံမှန်လျှောက်ပေးတာက သွေးခဲတာမျိုးဖြစ်နိုင်ခြေနည်းစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကင်းစေနိုင်ပါတယ်။ ဘေဘီလေးကိုခွဲမွေးထားတဲ့မေမေတို့အနေနဲ့လည်း တစ်နေ့ကို ၁၅ မိနစ်လောက်ပုံမှန်လမ်းလျှောက်ပေးတာက ချုပ်ရိုးမြန်မြန်ကျက်စေဖို့ အကောင်းဆုံးအထောက်အပ့ံဖြစ်စေမှာပါ။

အမျှင်ဓာတ်များများစားပေးပါ

အမျှင်ဓာတ်များများစားပေးတာက ဗိုက်ခွဲမွေးထားတဲ့ မေမေတို့ကို ဝမ်းချုပ်တာကြောင့် ချုပ်ရိုးထိခိုက်နိုင်ခြေကနေ အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ ရုံးပတီသီး၊ အုတ်ဂျုံ၊ နှမ်းကြတ်စေ့၊ ပင်ပွား၊ ပဲအမျိုးမျိုးတို့ကို စားပေးလို့ရပါတယ်။

ရေများများသောက်ပါ

တစ်နေ့ကို ရေ ၈ ခွက်အနည်းဆုံးသောက်ပေးပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေမှုက သွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပြီး အနာကျက်စေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ရေပဲသောက်ရမှာ အရသာမရှိဘူးထင်တယ်ဆိုရင် သစ်သီးစစ်စစ်ကိုဖျော်ထားတဲ့ ဖျော်ရည်လေးတွေကို သောက်ပေးလို့ရပါတယ်။

နှိပ်နယ်ပေးပါ

ချုပ်ရိုးတဝိုက်ကို ခပ်ဖွဖွလေးနှိပ်ပေးတာက ချုပ်ရိုးတဝိုက်မှာ သွေးစီးဆင်းမှုကောင်းစေပြီး အနာကျက်မြန်စေနိုင်သလို အမာရွတ်ကျန်နိုင်ခြေကိုလည်း လျော့ချပေးနိုင်ပါတယ်။  အရေပြားဆဲလ်သစ်တွေဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

ပြည့်ပြည့်ဝဝအနားယူပေးပါ

ရိုးစင်းလွယ်ကူလွန်းတဲ့ အနာကျက်စေနိုင်တဲ့နည်းလမ်းပါ။ မေမေတစ်ယောက်ဖြစ်တာကြောင့် အိပ်ချိန်ပြည့်ပြည့်ဝဝရဖို့ခက်ခဲနိုင်ပေမယ့်လည်း တတ်နိုင်သမျှပြည့်ပြည့်ဝယလေးအနားယူပေးပါ။ ဒါမှချုပ်ရိုးကမြန်မြန်သက်သာစေမှာပါ။

ရေနွေးအိတ်ကပ်ပေးပါ

နာကျင်မှုကို သက်သာစေနိုင်သလို ကြွက်သားတွေကိုလည် ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် ချုပ်ရိုးတဝိုက်နဲ့ချုပ်ရိုးပေါ်ကို ရေနွေးအိတ်ကပ်ပေးပါ။

ဆီတစ်မျိုးမျိုးလူးပေးပါ

ရနံ့မွှေးတဲ့ဆီတစ်မျိုးမျိုးကို ချုပ်ရိုးပေါ်နဲ့ချုပ်ရိုးတဝိုက်ကို လူးပေးပါ။ ဒီလိုလုပ်ပေးတာက အနာကျက်စေနိုင်သလို အမာရွတ်ကျန်နိုင်ခြေကိုလည်း နညး်စေနိုင်ပါတယ်။ မုန်ညှင်းဆီ၊ သံလွင်ဆီတို့ကို ဂွမ်းစလေးနဲ့တို့ပြီးလူးပေးပါ။

အာဟာရပြည့်အောင်စားပေးပါ

အာဟာရပြည့်ဝအောင်စားသုံးမှုက ချုပ်ရိုးတွေကို အထိရောက်ဆုံးသက်သာစေမှာပါ။ ဒါကြောင့် ခွဲမွေးထားတဲ့ မေမေအနေနဲ့ အာဟာရပြည့်ဝအောင်စားသုံးပေးဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ပရိုတင်းကြွယ်ဝတဲ့ အဆီမပါတဲ့အသား၊ ပဲအမျိုးမျိုး၊၊ ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေ၊ ဆန်လုံးညို၊ ကန်စွန်းဥ၊ ထောပတ်သီး၊ သံလွင်ဆီ၊ဘယ်ရီသီးတွေစားပေးလို့ရပါတယ်။ အခွံမာသီး၊အစေ့အဆန်၊ ဆယ်လ်မွန်ငါးတို့ကို စားပေးလို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly