မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲရေကျော်မှုဖြစ်ပွား၊ စိုးရိမ်စရာ မရှိဟုဆို

မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲရေကျော်မှုဖြစ်ပွား၊ စိုးရိမ်စရာ မရှိဟုဆို

မကွေး၊ သြဂုတ် ၅ ။          ။ မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းချောင်းရေလှောင်တမံသည် သြဂုတ်လ ငါးရက်နေ့မှ စတင်ကာ ပင်မရေပို လွှဲမှ စတင်ရေကျော်သောကြောင့် အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁) အဖြစ် ဆောင်ရွက် ထားရှိပြီး စိုးရိမ်စရာအခြေအနေမရှိကြောင်း မန်းချောင်းတမံဦးစီးမှူး(မြို့ပြ) အင်ဂျင်နီယာ ဦးမောင်မောင်ဝင်းက ပြောသည်။

မန်းချောင်းရေလှောင်တမံသည် သြဂုတ်လ ငါးရက်နေ့ နံနက်ပိုင်း ၁၀ နာရီတွင် ဆည်ရေပြည့်အမှတ်(R.L-625.00)ရှိရာမှ နံနက် ၁ဝနာရီ၁၅မိနစ်အချိန်တွင်(R.L-625.10)သို့ရောက်ရှိပြီး ပင်မရေပိုလွှဲမှ(0.10)ပေအမြင့် စတင်ရေကျော်ခဲ့ခြင်း ဖြစ်သည်။

“မြို့နယ်အတွင်းနေပြည်သူတွေ သိရှိနိုင်ရန် အရေးပေါ်အခြေအနေ ကြိုတင် စီမံခန့်ခွဲမှုအဆင့်(၁)အဖြစ် သတ်မှတ်ပြီး တမံရေပိုလွွှဲ၊ရေထုတ်ပြွန်နဲ့ ရှင်းလင်းဆောင်နေရာများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ရုံးနဲ့ မန်းချောင်းဘေးက ကျေးရွာအုပ်စုရုံးများ၊ ရွာခွဲများမှာ အစိမ်းရောင်အလံ စိုက်ထူပြီး အသိပေး နှိုးဆော်မှု ဆောင်ရွက်ထားပါတယ်”ဟု  မန်းချောင်းတမံဦးစီးမှူး(မြို့ပြ) အင်ဂျင်နီယာ ဦးမောင်မောင်ဝင်းက မဇ္ဈိမသို့ ပြောသည်။

မန်းချောင်းတမံအောက်တွင် ကန်သာ၊ ပင်ဦး၊ တကိုင်း၊ သရက်ပင်၊ ချောင်းဖြူ၊ အိုးမြေတွင်း၊ ဇီးတော၊ အောင် ပင်လယ်၊ ငဖဲမြို့မ၊ ကျောင်းတွင်း၊ အင်စု၊ မြင်သာ၊ လယ်တော၊ ပေကုန်း၊ ပေါင်းကလေး စသောကျေးရွာ ၁၆ရွာ တည်ရှိပြီး အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင်လည်း အစိမ်းရောင်အလံများစိုက်ထူကာ အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

“တမံ၊ရေထုတ်ပြွန်၊ရေပိုလွှဲနဲ့ ဆက်စပ်အဆောက်အဦးတွေ အားလုံးမျက်မြင်စစ်ဆေးမှုအရ ကြံ့ခိုင်ကောင်း မွန်ပါတယ်။ ၂၄နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ် တာဝန်ယူထိန်းသိမ်းလျက် ရှိပါတယ်။ အထက်အဆင့်ဆင့်ကို နာရီစဉ်သတင်းပေးပို့လျက်ရှိပြီးညွှန်ကြားချက်များအရ ဆက်လက် ဆောင်ရွက် နေပါတယ်” ဟု အင်ဂျင်နီယာ ဦးမောင်မောင်ဝင်းက ဆက်ပြောသည်။

အဆိုပါတမံသည် နှစ်စဉ်ပင်မရေပိုလွွှဲမှ ရေကျော်လေ့ရှိသော်လည်း ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာ အခြေအနေမရှိကြောင်း၊ သဘာဝဘေးအန္တရာယ် ကင်းဝေးနိုင်ရေးအတွက် အရေးပေါ်အခြေအနေ ကြိုတင် စီမံခန့်ခွဲမှု စီမံချက်အရ ပြည်သူများသိရှိနိုင်ရန် အစိမ်းရောင်အလံလွှင့်ထူ၍ အသိပေးနှိုးဆော် ထားခြင်းသာ ဖြစ်ကြောင်း၊ စိုးရိမ်ဖွယ်ရာ အခြေအနေကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် အသိပေးဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly