စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို အရေးယူပိတ်ဆို့ရန် နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် တောင်းဆို

စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို အရေးယူပိတ်ဆို့ရန် နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် တောင်းဆို

ရန်ကုန် ၊ သြဂုတ် ၅ ။           ။ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများအပါအဝင် ဆက်စပ်နေသည့် စီးပွားရေး အဆက်အသွယ်များကို အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သည့် နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင်က တိုက်တွန်းတောင်းဆိုလိုက်သည်။

ယင်းအချက်အလက်ရှာဖွေရေးမစ်ရှင်က သြဂုတ်လ ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ကြေညာ ချက်တွင် တပ်မတော်ထိပ်သီးခေါင်းဆောင်များပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက် (MEHL) ၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်းဖော်ထုတ် ထားသည်။

“MEHL နှင့် MEC တို့က ဆောက်လုပ်ရေး နှင့် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက အစ ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း ၊ ခရီးသွားလုပ်ငန်း နှင့် ဘဏ်လုပ်ငန်း စသည့် ကဏ္ဍမျိုးစုံမှ အနည်းဆုံးအနေနှင့် စီးပွားရေး လုပ်ငန်းပေါင်း (၁၂၀) ကို ပိုင်ဆိုင်ထားသည်” ဟု အချက်အလက်ရှာဖွေရေးမစ်ရှင်က ရေးသားဖော်ပြ ထားသည်။

အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ဥက္ကဋ္ဌ ဖြစ်သူ မာဇူကီးဒါရုစမန်းက “တပ်မတော်ကို မြန်မာ့စီးပွားရေးဘဝ ကနေ ဖယ်ရှားရန် လုပ်ရပ်နှစ်ရပ်ကို ပြိုင်တူလုပ်ဆောင်ရမယ်” ဟု ပြောဆိုခဲ့သည်။

ယင်းဆောင်ရွက်ချက်နှစ်ခုမှာ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့အထီးကျန်စေခြင်းနှင့် မြန်မာ နိုင်ငံရှိ တခြားစီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးရန် စသည့် အချက်နှစ်ချက်လည်း ဖြစ်သည်။

ယင်းအပြင် ကမ္ဘောဇကုမ္ပဏီအုပ်စု(KBZ) နှင့် မက်စ်မြန်မာကုမ္ပဏီအုပ်စု (Max Myanmar) ကုမ္ပဏီတို့ကိုလည်း ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုရန် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ ကုမ္ပဏီများ သည် တပ်မတော်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ကူညီ ထောက်ပံ့သည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီနှစ်ခုသည် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံရာတွင် ငွေကြေးထောက်ပံ့ပေးမှုများ ရှိနေခဲ့ပြီး ယင်းသို့ ပြုလုပ်ခဲ့ခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည့် ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာဖော်ပြ) များ နေရပ်ပြန်လာရန် အတားအဆီးများ ဖြစ်စေခဲ့သည်ဟု အစီရင်ခံတွင် ရေးသားထုတ်ပြန် ထားသည်။

“အဲ့ဒီကုမ္ပဏီအရာရှိတွေက လူသားတမျိုးနွယ်လုံးအပေါ် သက်ရောက်တဲ့ ရာဇဝတ်မှုတွေ အပါအဝင်  ၊အပြည် ပြည်ဆိုင်ရာ ဥပဒေလက်အောက်ရှိ ရာဇဝတ်မှု ကျူးလွန်မှုကို သိသိသာသာနဲ့ တိုက်ရိုက်ထောက်ပံ့ခဲ့တာဖြစ်လို့ ၊ သူတို့တွေကို ရာဇဝတ်မှုအတွက် တရားစွဲဆိုနိုင်ဖို့ စုံစမ်းစစ်ဆေးသင့်တယ်” ဟု အချက်အလက် ရှာဖွေရေး မစ်ရှင်၏ ကျွမ်းကျင်ပညာရှင် ခရစ်စီဒိုတီက ဆိုသည်။

ယခု ထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သည့် နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို စက်တင်ဘာတွင် ကျင်းပမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တင်သွင်းသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required