Scoot လေကြောင်းလိုင်း လေယာဉ်မယ်ကို မဟားတရား လုပ်သည့် အမျိုးသား တရားစွဲခံရပြီး အပြစ်ရှိကြောင်း တွေ့ရှိ

Scoot လေကြောင်းလိုင်း လေယာဉ်မယ်ကို မဟားတရား လုပ်သည့် အမျိုးသား တရားစွဲခံရပြီး အပြစ်ရှိကြောင်း တွေ့ရှိ
 Vijayan Mathan Gopal (right) was convicted of three charges of molesting a flight attendant in November 2017 during a Scoot flight from Cochin to Singapore. (Photo: Nuria Ling/TODAY)

သြဂုတ် ၅ ။           ။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အိန္ဒိယမှ စင်ကာပူသို့ ပျံသန်းသော Scoot လေကြောင်းလိုင်း၏ ခရီးစဉ်တစ်ခုတွင် လေယာဉ်မယ်တစ်ဦးအား လေယာဉ်ပေါ်မှာ ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့် အသက် ၃၉ နှစ်အရွယ် အမျိုးသားကို အပြစ်ရှိကြောင်း သြဂုတ် ၅ ရက်က စစ်ဆေးတွေ့ရှိခဲ့ပြီ ဖြစ်သည်။

စင်ကာပူတွင် အမြဲတမ်း နေထိုင်သူဖြစ်သော ဗီဂျာယန် မာသန် ဂိုပဲလ် ဆိုသူ အမျိုးသားသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂ ရက်က အိန္ဒိယမှ စင်ကာပူသို့ သွားသည့် လေယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာခဲ့သည်ဟု သိရသည်။

၎င်းသည် ယင်း လေယာဉ်ပေါ်တွင် အသက် ၂၂ နှစ်အရွယ် Scoot air လေယာဉ်မယ်တစ်ဦးအား ကာယအိန္ဒြေပျက်ပြားအောင် ကျူးလွန်စော်ကားသည့် စွဲချက်သုံးချက်ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

၎င်းအမျိုးသားသည် လေယာဉ်မယ်၏ ညာဘက်လက်မောင်းအား ဆွဲကိုင်ခြင်း၊ မျက်နှာအား ထိတို့ခြင်း၊ ၎င်းနှင့် လက်နှစ်ဘက်ဖြင့် မျက်နှာအား ဆွဲယူကိုင်ခြင်း၊ ပေါင်ပေါ် လက်တင်ခြင်း၊ တင်ပါးကို ထိခြင်း တို့ ပြုလုပ်ခဲ့သည်ဟု သိရသည်။

စော်ကား ခံရသည့် လေယာဉ်မယ် အမျိုးသမီးက အမှုစစ်ဆေးရာတွင် ထွက်ဆိုရာ၌ သူမအနေဖြင့် ယင်းဖြစ်စဉ် မဖြစ်ခင်က ၎င်းအမျိုးသားအား မသိရှိခဲ့ဟု ထွက်ဆိုသွားခဲ့သည်။

ယင်းဖြစ်စဉ် ဖြစ်သည့်အချိန်က ၎င်း ကျူးလွန်သူ အမျိုးသားသည် လေယာဉ်ပေါ်သို့ နောက်ဆုံးမှ တက်လာခဲ့သူဖြစ်ကာ ၎င်းထံမှလည်း အရက်နံ့ ထောင်းထောင်းထနေခဲ့သည့်အဖြစ် ဘောင်းဘီဇစ်လည်း တပ်မထားခဲ့ဟု လေယာဉ်မယ် အမျိုးသမီးက ပြောသည်။

သူမအား စော်ကားနှောင့်ယှက်မှု မပြုမီ ၎င်းအမျိုးသားသည် အခြား လေယာဉ်မယ်တစ်ဦးနှင့်လည်း စကားများခဲ့သေးသည်ဟု သိရသည်။

ယင်းနောက် ကျူးလွန်ခံရသူ လေယာဉ်မယ်က ဝင်ရောက်ဖျန်ဖြေညှိနှိုင်းပေးခဲ့စဉ် အထက်ပါအတိုင်း ကိုယ်ထိလက်ရောက် စော်ကား နှောင့်ယှက်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းနောက် လေယာဉ် ဆိုက်ရောက်ချိန်တွင် စော်ကားခံရသူ လေယာဉ်မယ်က သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ကျူးလွန်သူ အမျိုးသား ဗီဂျာယန်ကတော့ ၎င်းထံတွင် အပြစ်မရှိကြောင်း ခုခံငြင်းဆန်ထားခဲ့သည်။

ဗီဂျာယန်အနေဖြင့် ပြစ်ဒဏ်လျှော့ပေါ့ခံရရေးအတွက် တရားရုံးသို့ နောက်တစ်ကြိမ် သွားရောက်အမှုရင်ဆိုင်ရဦးမည်ဖြစ်ကာ ၎င်း၏ အမှုအတွက် လာမည့် သြဂုတ် ၂၈ တွင် စီရင်ချက်ချမည်ဖြစ်သည်။

စီရင်ချက်ချရာတွင် ဗီဂျာယန်အနေဖြင့် အများဆုံး ထောင်ဒဏ် နှစ်နှစ်၊ ဒဏ်ငွေ၊ ကြိမ်ဒဏ် ကျခံရနိုင်ဖွယ် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly