မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်အတွက် ဂုဏ်ယူမဆုံးဖြစ်နေသည့် နိုင်ငံကျော်တေးသံရှင် အောင်လ (Reason)

မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်အတွက် ဂုဏ်ယူမဆုံးဖြစ်နေသည့် နိုင်ငံကျော်တေးသံရှင် အောင်လ (Reason)

'အောင်လ' ဟူသော အမည်နာမက မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန် နှင့် တေးရေး၊ တေးဆို အောင်လ Reason တို့ အကြား တူညီသော အမည်တစ်ခုဖြစ်ခဲ့ပြီး ဖျော်ဖြေရေးစင်မြင့်ထက်တွင် 'အောင်လ၊ အောင်လ' ဟူ၍ အားပေးခဲ့ကြပြီး တေးသီချင်းများ သံပြိုင် ဟစ်ကြွေးခဲ့ကြသကဲ့သို့ ကိုယ်ခံပညာ သိုင်းပေါင်းစုံကြိုးဝိုင်းအတွင်းတွင်လည်း 'အောင်လ၊ အောင်လ' ဟူသော ဟစ်ကြွေးကြုံးဝါးသံက မိုးထက်သို့ပါ ညံနေပေတော့သည်။

မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် ဟဲဗီးဝိတ်ချန်ပီယံ Vera နှင့် ထိုးသတ်ရန် အပြင်းအထန် လေ့ကျင့်ပြင်ဆင်နေသကဲ့သို့ ၎င်း၏ ၀ိတ်အတင်အချပြုလုပ်နေသည်များ၊ လေ့ကျင့်နေသည်များကိုလည်း တရားဝင်သုံးစွဲလျက်ရှိသော လူမှုကွန်ရက် Facebook စာမျက်နှာမှတစ်ဆင့် ပရိသတ်များကို အသိပေးလေ့ရှိသည်။

ပြီးခဲ့သည့် ဇွန် ၂၅ ရက်က Vera စိန်ခေါ်ခဲ့သည်မှာ သုံးလတိတိပြည့်ပြီဖြစ်ကြောင်းနှင့် စိန်ခေါ်သည့် အချိန်တွင် ကိုယ်အလေးချိန် ၂၀၅ ပေါင် ရှိနေရာမှ သုံးလတိတိပြည့်သည့်အချိန်တွင် ကိုယ်အလေးချိန် ၂၂၅ ပေါင်ဖြင့် လိုက်ဟဲဗီးဝိတ်ပြိုင်ပွဲအတွက် လိုအပ်သောကိုယ်အလေးချိန် အတိအကျ ရှိနေပြီဖြစ်ကြောင်း ပရိသတ်ကို အသိပေးခဲ့သည်။ ယခု ဇူလိုင် ၂၅ ရက်တွင် ဘရန်ဒန်ဗီရာက အောင်လကို စိန်ခေါ်ထားခဲ့သည်မှာ လေးလအတိရှိပြီဟု ဆိုရမည်ဖြစ်သည်။

"ကျွန်တော်တို့ ရည်မှန်းချက်ဆီသို့  ရှေ့ဆက်လျှောက်ဖို့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေနဲ့အတူ သွေး၊ ချွေး၊ မျက်ရည်တွေရင်းပြီး ပြင်းပြင်းထန်ထန် ကြိုးစားလိုက်ရအောင်ဗျာ" ဟူသော စာသားနှင့်အတူ အပြင်းအထန် လေ့ကျင့်နေသည့် ဗီဒီယိုဖိုင်ကိုလည်း အောင်လအန်ဆန်၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ထားပြီး ပရိသတ်နှင့် စဉ်ဆက်မပြတ်ထိတွေ့နေသကဲ့သို့ ထောင်ပေါင်းများစွာသော ပရိသတ်တို့ကလည်း အောင်လအန်ဆန် နိုင်ကို နိုင်ရမည်ဟူ၍ မှတ်ချက်ပြု အားပေးလျက်ရှိကြသည်။

အောင်လ (Reason) က Vera နှင့် ပွဲအတွက် အောင်လအန်ဆန် အပြည့်အဝအနိုင်ရမည်ဟု ယုံကြည်ထားကြောင်း၊ သို့သော်လည်း ကိုအောင်လအန်ဆန်၏ ပွဲများကို ၎င်းတို့ ချစ်သူနှစ်ဦး အတူတကွ မကြည့်ရှုရသေးကြောင်းနှင့် ရင်းနှီးသော မိတ်ဆွေများက ကိုအောင်လအန်ဆန်နှင့် တွေ့ပြီးသွားကြပြီဖြစ်ပြီး ၎င်းကိုယ်တိုင်ကမူ လူချင်းမတွေ့ရသေးသည့်အတွက် မချင့်မရဲဖြစ်ရကြောင်းနှင့် ယခုတစ်ကြိမ်တွင် ကိုအောင်လအန်ဆန်နှင့် လူချင်းဆုံတွေ့ဆုံ အားပေးနိုင်ဖို့ ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း  ဖြေကြားသည်။

ပြဒါးတစ်လမ်း သံတစ်လမ်းဟု ဆိုနိုင်ပြီး မတူညီသော လမ်းနှစ်သွယ်ကို ကိုယ်စီလျှောက်လှမ်းနေကြသော အမည်နာ တူသူနှစ်ဦးတွင် ထပ်တူညီနေသော နှစ်လုံးသား တစ်စုံရှိနေပါသည်။ တစ်ဦးက ကမ္ဘာ့အလယ်တွင် မြန်မာ့အလံ တလူလူ ဆက်လက်လွှင့်တင်နိုင်ရေးအတွက် သွေး၊ ချွေးတို့ဖြင့် ရင်းနှီးအားစိုက် ကြိုးပမ်းနေသကဲ့သို့ တစ်ဦးကလည်း သန်းခြောက်ဆယ်သော မြန်မာနိုင်ငံသားတို့၏ နှလုံးသားများနှင့် ထပ်တူ အောင်ပွဲခံနိုင်ပါစေကြောင်း အပြည့်အဝယုံကြည် အားပေးနေခြင်းပင်ဖြစ်ပါတော့သည်။

ဟဲဗီးဝိတ်ချန်ပီယံ Vera နှင့် ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်မည့် အောင်လအန်ဆန်အတွက် ဆုတောင်းစကားကိုလည်း အောင်လ Reason က ယခုလို ဆိုလိုက်ပါသည်။

" God Bless You ကိုအောင်လအန်ဆန်”

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly